ဆံပင်သုံးပြီး မျက်ခုံးမွှေး အစားထိုးခဲ့သည့် အမျိုးသမီး မျက်ခုံးမွှေးထူထူရသော်လည်း လစဥ် ညှပ်ပစ်နေရ

ဆံပင်သုံးပြီး မျက်ခုံးမွှေး အစားထိုးခဲ့သည့် အမျိုးသမီး မျက်ခုံးမွှေးထူထူရသော်လည်း လစဥ် ညှပ်ပစ်နေရ
ဇူလိုင် 8, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆယ်ကျော်သက်အရွယ်တွင် မျက်ခုံးမွှေးများ နှုတ်ပစ်လေ့ရှိသည့် အမျိုးသမီးတစ်ဦးက သူမ၏ ဦးခေါင်းမှ ဆံပင်ကိုသုံးပြီး မျက်ခုံးမွှေး အစားထိုးခဲ့ရာ မျက်ခုံးမွှေး ထူထူထဲထဲ ရရှိလာခဲ့သော်လည်း တစ်လတစ်ကြိမ် ပြန်ညှပ်ပစ်နေရသည်ဟု ဆိုသည်။ 

အစ္စဘယ်လာကော့ဇီ အမည်ရှိ အမျိုးသမီးက မျက်ခုံးမွှေး ကျိုးတိုးကျဲတဲ ဖြစ်နေတာကြောင့် နံနက်တိုင်း မိနစ် (၃၀) ကြာ အချိန်ပေးပြီး မျက်ခုံးမွှေးဆွဲနေခဲ့ရသည်။

နောက်ဆုံးတွင် ထူထူထဲထဲ မျက်ခုံးမွှေးရှိရန် စိတ်ဆန္ဒပြင်းပြနေသူ အစ္စဘယ်လာက မျက်ခုံးမွှေးအစားထိုးရန် ဆုံးဖြတ်ခဲ့သည်။ 

အသက် (၃၆) နှစ်အရွယ် အစ္စဘယ်လာ၏ ဦးခေါင်းနောက်ဘက်ပိုင်းမှ ဆံပင်တစ်ချောင်းချင်းစီကို ရယူပြီးနောက် ကျိုးတိုးကျဲတဲ ဖြစ်နေသည့် သူမ၏ မျက်ခုံးနေရာများတွင် လက်ဖြင့် ပြန်ထည့်သွင်းမှုပါဝင်သော မျက်ခုံးမွှေးအစားထိုးမှုမှာ (၃) နာရီကြာမြင့်ခဲ့သည်ဟု သိရသည်။

အလှကုန်အမှတ်တံဆိပ် လူမှုဆက်ဆံရေးမန်နေဂျာအဖြစ် လုပ်ကိုင်နေသူ အစ္စဘယ်လာအတွက် မျက်ခုံးမွှေးအစားထိုးပြီးနောက် မှန်ကြည့်လိုက်ရချိန်တွင် စိတ်လှုပ်ရှားစရာ အခိုက်အတန့်ဖြစ်ခဲ့ရပြီး မျက်ခုံးမွှေးအပြည့်ဖြင့် သူမ၏ မျက်ခုံးကို မြင်တွေ့ရစဥ် မျက်ရည်ကျခဲ့သည်ဟု ဖွင့်ဟသည်။ 

အစ္စဘယ်လာ၏ မျက်ခုံးအသွင်အပြင်သစ်က သူမအတွက် စိတ်ကျေနပ်စရာ ဖြစ်ခဲ့သော်လည်း ပြဿနာတစ်ခုရှိနေခဲ့ပြန်သည်။ ထိုပြဿနာမှာ သူမ၏ မျက်ခုံးပေါ်ရောက်သွားသော ဆံပင်များက ဦးခေါင်းပေါ်မှ ဆံပင်များအတိုင်းပင် တူညီသည့်အမြန်နှုန်းဖြင့် ပြန်ရှည်လာကြရာ လစဥ်လတိုင်း မျက်ခုံးမွှေးညှပ်နေရခြင်း ဖြစ်သည်။

"ရယ်စရာကောင်းတာက မျက်ခုံးပေါ်ရောက်သွားတဲ့ ဆံပင်တွေက တကယ့်ခေါင်းပေါ်ကအတိုင်းပဲ ဆက်ရှည်ထွက်နေကြတယ်။ သူတို့က မျက်ခုံးမွှေးလိုမျိုး ရှည်ထွက်တာ ရပ်မသွားဘူး။ ညှပ်မပစ်ရင် တကယ်ကို ဆက်ရှည်လာနိုင်တယ်။ ကျွန်မရဲ့ မျက်ခုံးမွှေးကို တစ်လတစ်ခါ သူငယ်ချင်းတစ်ယောက်က ညှပ်ပေးတယ်။ ကျွန်မဘာသာညှပ်ရင် အဆင်မပြေမှာစိုးလို့လေ။ ကျွန်မ လိုချင်နေတဲ့ မျက်ခုံးမွှေးရထားပြီဆိုတော့ တန်ပါတယ်" ဟု အစ္စဘယ်လာက ပြောသည်။

အင်္ဂလန်နိုင်ငံ Cotswolds နယ်မြေ Tetbury မြို့တွင် နေထိုင်သူ အစ္စဘယ်လာက မျက်ခုံးမွှေးအစားထိုးမှုအတွက် ဗြိတိန်တွင် ပေါင် (၅,၀၀၀) (မြန်မာကျပ်ငွေ သိန်း ၁၁၀ ကျော်) ကုန်ကျမည်ဟု သိရပြီးနောက် ပိုလန်တွင် သွားရောက်လုပ်ဆောင်ခဲ့ရာ ပေါင် (၁,၅၀၀) (မြန်မာကျပ်ငွေ ၃၃ သိန်းကျော်) ကုန်ကျခဲ့ကြောင်းနှင့် သူမ၏ မျက်ခုံးမွှေးပုံစံနှင့် အသွင်အပြင်နှင့် ပတ်သက်၍ သူမ၏ ဆရာဝန်ကို အပြည့်အဝ ယုံကြည်ခဲ့သည်ဟု ဆိုသည်။ 

"မျက်ခုံးမွှေး ထူထူထဲထဲကို အိပ်မက်မက်ခဲ့တာ အတော်ကြာပြီ။ ကျွန်မတို့ ဆယ်ကျော်သက်အရွယ်တုန်းက မျက်ခုံးမွှေး သေးသေးသွယ်သွယ်လေးတွေက ခေတ်စားတော့ ကျွန်မက မျက်ခုံးမွှေးတွေ နှုတ်ပစ်ခဲ့တာ" ဟု အစ္စဘယ်လာက ပြောသည်။

ဆယ်ကျော်သက်အရွယ်တွင် မျက်ခုံးမွှေးများ နှုတ်ပစ်ခဲ့သော်လည်း နောက်ပိုင်းတွင် မျက်ခုံးမွှေး ကျိုးတိုးကျဲတဲ ဖြစ်နေခြင်းကြောင့် နေစဥ် မျက်ခုံးမွှေးဆွဲနေခဲ့ရသည်။ နောက်ဆုံးတွင် မျက်ခုံးမွှေး ထူထူထဲထဲ ရှိချင်လာသူ အစ္စဘယ်လာက မျက်ခုံးမွှေးအစားထိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

"မျက်ခုံးမွှေးအစားထိုးတာက မနာဘူး။ သူတို့ ကျွန်မကို ထုံဆေး (၂) လုံး ထိုးတဲ့အချိန်ပဲ နာတယ်။ တစ်လုံးက ဦးရေပြားမှာနဲ့ နောက်တစ်လုံးက မျက်ခုံးမှာထိုးတာ။ အဲဒီတစ်ချိန်ပဲ နာတယ်" ဟို အစ္စဘယ်လာက သူမ၏ အတွေ့အကြုံကို ပြောပြခဲ့သည်။

Source: Mirror

Photo: Kennedy News and Media