တာချီလိတ် နှင့် ကျိုင်းတုံအကြား  နာရီပေါင်း (၇)နာရီကျော်အတွင်း ငလျင်ကြီး(၄)ကြိမ် အပါအဝင် စုစုပေါင်း (၄၈)ကြိမ် လှုပ်ခတ်သွားခဲ့

တာချီလိတ် နှင့် ကျိုင်းတုံအကြား  နာရီပေါင်း (၇)နာရီကျော်အတွင်း ငလျင်ကြီး(၄)ကြိမ် အပါအဝင် စုစုပေါင်း (၄၈)ကြိမ် လှုပ်ခတ်သွားခဲ့
ဇူလိုင် 22, 2022 | ရှမ်းရှေ့

တာချီလိတ် နှင့် ကျိုင်းတုံအကြား  နာရီပေါင်း (၇)နာရီကျော်အတွင်း ငလျင်ကြီး(၄)ကြိမ် အပါအဝင် စုစုပေါင်း (၄၈)ကြိမ် လှုပ်ခတ်သွားခဲ့

* * * * * 

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် နာရီပေါင်း (၇)နာရီကျော်အတွင်း သိသာစေသည့် အင်အားကြီး ငလျင် (၄)ကြိမ် အပါအဝင် စုစုပေါင်း (၄၈)ကြိမ် လှုပ်ခတ်သွားခဲ့ကြောင်း ထိုင်းနိုင်ငံငလျင်တိုင်းတာရေးဌာန၏ တိုင်းတာချက်အရ သိရသည်။ 

 



ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် ဇူလိုင်လ(၂၁)ရက်နေ့ ည(၁၀)နာရီ (၃၄)မိနစ် (၂၈)စက္ကန့်အချိန်က ရစ်ချ်စတာ စကေး(၂.၃)အဆင့်ရှိ အသေးစား ငလျင်စတင်လှုပ်ခတ်ခဲ့ပြီးနောက်  ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၄)နာရီ (၅၂)မိနစ် (၁၀)စက္ကန့်အချိန်အထိ နာရီပေါင်း (၇)နာရီကျော်အတွင်း ငလျင်လှုပ်ခတ်ခြင်း (၄၈)ကြိမ်မြောက်အဖြစ် ရစ်ချ်စတာ စကေး (၅.၃)အဆင့်ရှိ ငလျင်လှုပ်ခတ်သွားသည်။

(၄၈)ကြိမ်လှုပ်ခတ်သွားသည့် ငလျင်အဆင့်များထဲတွင် သိသာစေသည့် ငလျင်ကြီးအဖြစ် ဇူလိုင်လ (၂၁)ရက်နေ့ ည(၁၁)နာရီ (၁၀)မိနစ် (၈)စက္ကန့် အချိန်က ငလျင်အဆင့် ရစ်ချ်စတာ စကေး(၅.၁)၊ ဇူလိုင်လ (၂၁)ရက်နေ့ ည(၁၁)နာရီ (၃၇)မိနစ် (၂၄)စက္ကန့် အချိန်က   ရစ်ချ်စတာ စကေး(၆.၄)၊ ဇူလိုင်လ (၂၂)ရက်နေ့အကူး နံနက်(၂)နာရီ(၁)မိနစ် (၄၀)စက္ကန့်အချိန်က  ငလျင်အဆင့် ရစ်ချ်စတာ စကေး(၄.၆) နှင့်  ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၄)နာရီ (၅၂)မိနစ် (၁၀)စက္ကန့်အချိန် ရစ်ချ်စတာ စကေး(၅.၃)တို့ လှုပ်ခတ်သွားသည်။

အဆိုပါ (၄၈)ကြိမ်လှုပ်ခတ်မှုအတွင်း အသေးစားငလျင်များအနေဖြင့် ရစ်ချ်စတာ စကေး(၂.၃)မှ (၃.၉)အဆင့်အထိ စုစုပေါင်း (၄၄)ကြိမ် နှင့် သိသာစေသည့် ငလျင်ကြီးအဖြစ် (၄)ကြိမ် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့လှုပ်ခတ်သွားခဲ့သည့် ငလျင်များသည် အဓိကအားဖြင့် ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင် နယ်နိမိတ်အကြားတွင် လှုပ်ခတ်သွားခြင်း ဖြစ်သော်လည်း ရစ်ချ်စတာ စကေး(၆.၄)အဆင့်ရှိ ငလျင်ကြီးသည် ကျိုင်းတုံခရိုင်အတွင်း ဗဟိုပြုသည်ဟု ထိုင်းနိုင်ငံငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ငလျင်လှုပ်ခတ်မှုများကြောင့် အချို့အိမ်များမှာ တုန်ခါသွားသည်အထိ ဖြစ်သွားပြီး ငလျင်ကြောင့် မူးသည့် ဝေဒနာလည်း ခံစားရသည်ဟု ဒေသခံများထံက သိရသည်။

ယနေ့ လှုပ်ခတ်သွားသည့် ငလျင်များနှင့် ပတ်သက်၍ လူနေအိမ်ထိခိုက်ပျက်စီးမှုရှိ မရှိကိုတော့ မသိရသေးပါ။

#TachileikNewsAgency