တာချီလိတ်ရှိ လွယ်စတုံငါးကန်မြေနေရာတွင် ကျူးကျော်နေထိုင်သူများကို စတင်ဖယ်ရှား

တာချီလိတ်ရှိ လွယ်စတုံငါးကန်မြေနေရာတွင် ကျူးကျော်နေထိုင်သူများကို စတင်ဖယ်ရှား
ဇန်နဝါရီ 22, 2020
By Tachileik News Agency
တာချီလိတ်ရှိ လွယ်စတုံငါးကန်မြေနေရာတွင် ကျူးကျော်နေထိုင်သူများကို စတင်ဖယ်ရှား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက်အတွင်းရှိ လွယ်စတုံငါးကန်မြေနေရာတွင် ကျူးကျော်နေထိုင်သူများကို သတိပေးအကြောင်းကြားသည့်ကာလ ကုန်ဆုံးပြီဖြစ်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် စတင်ဖယ်ရှားနေပြီဖြစ်သည်။

"ဒီနေ့ ပထမဆုံး ဆောင်ရွက်ဖြစ်တာကတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ခရိုင်ကျေးလက်လမ်းဦးစီးဌာနကို မြေမရသေးတဲ့ အတွက် မြေနေရာချထားပေးခဲ့တာ ရှိပါတယ်။ သူတို့အကွက်ထဲကိုဝင်မယ့် အဝင်လမ်းမှာ ဦးသိန်းဦးက ခြံစည်းရိုးပိတ်ပြီး ခတ်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးမှာလည်း တရားစွဲထားပြီး ဖြစ်တဲ့အတွက် ကျွန်တော်က ခြံစည်းရိုးကို ဖယ်ပေးပါဆိုပြီး နို့တစ်စာ (၃) ကြိမ်တိတိ ပို့ပါတယ်။ ဖယ်ရှားရှင်းလင်းပေးခြင်း မရှိတဲ့အတွက် ရုံးမှာလည်း အဖွဲ့စုံနဲ့ခေါ်ပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့ အခါမှာလည်း ဖယ်ရှားရှင်းလင်းပေးခြင်း မရှိတဲ့အတွက် ဥပဒေအကြံပေးရယူပြီးတော့ ကော်လိတ်တော် အရာရှိက တာဝန်ပေးတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း ဖယ်ရှားရှင်းလင်းပါဆိုပြီး တာဝန်ပေးတဲ့အတွက် လက်ထောက်ကော်လိပ်တော်အရာရှိဖြစ်တဲ့ ကျွန်တော်က အနည်းဆုံးအင်အားနဲ့ ခြံစည်းရိုးကိုလာပြီးမှ ဖယ်ရှားရှင်းလင်းတာဖြစ်ပါတယ်"

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ မြေဧရိယာ (၃၇.၃၇) ဧကကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ဦးတင်စိန်အား ငါးကန်လုပ်ပိုင်ခွင့်ပေးခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် စည်းကမ်းပျက်မြေ အဖြစ် ပြန်လည်သိမ်းယူခဲ့ကာ ရှမ်းပြည်နယ်အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအဖြစ် ပြန်လည် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြေနေရာတွင် တာချီလိတ်မြို့နယ်အတွင်းမှ ရုံးတည်ဆောက်ရန် မြေနေရာမရရှိသေးသည့် ဌာနဆိုင်ရာများကို ရုံးနေရာချထားပေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~