ပူတင်က ယူကရိန်းစစ်ပွဲနောက်ပိုင်း ရှားရှားပါးပါး ပြည်ပခရီးစဥ်အဖြစ် အီရန်ကို သွားရောက်

 ပူတင်က ယူကရိန်းစစ်ပွဲနောက်ပိုင်း ရှားရှားပါးပါး ပြည်ပခရီးစဥ်အဖြစ် အီရန်ကို သွားရောက်
ဇူလိုင် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖေါ်ဝါရီလအတွင်း ယူကရိန်းကို ကျူးကျော်မှုစတင်ခဲ့ပြီးနောက်ပိုင်း ၎င်း၏ ဒုတိယမြောက် ပြည်ပခရီးစဥ်အဖြစ် အီရန်နိုင်ငံသို့ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။ 

ပူတင်က အီရန်တွင် ခေါင်းဆောင်ကြီး Ayatollah Ali Khamenei ၊ အီရန်သမ္မတ Ebrahim Raisi နှင့် တူရကီသမ္မတ Recep Rayyip Erdogan တို့နှင့် တွေ့ဆုံရန်ဖြစ်ကြောင်း သိရသည်။

ဂျုံတင်ပို့မှု၊ ဆီးရီးယားနှင့် ယူကရိန်း ကိစ္စရပ်များကို အီရန်တွင် ဆွေးနွေးရန်ရှိကြောင်း တူရကီအစိုးရအရာရှိများက ပြောသည်။

ရုရှားသမ္မတပူတင်က ယူကရိန်းကို ကျူးကျော်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ယခင်ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများသို့သာ သွားရောက်ခဲ့ပြီး ၎င်း၏ ပြည်ပခရီးစဥ်များကို ကန့်သတ်ထားခဲ့သည်။ 

ယူကရိန်းစစ်ပွဲ စတင်ခဲ့ချိန်နောက်ပိုင်း ပူတင်က ၎င်း၏ ပထမဆုံး ပြည်ပခရီးစဥ်အဖြစ် ဇွန်လအတွင်း တာဂျစ်ကစ္စတန်နှင့် တာမင်နစ္စတန်ကို သွားရောက်ခဲ့ပြီး ထိုနှစ်နိုင်ငံလုံးမှာ ယခင်ဆိုဗီယက်ပြည်ထောင်စု အဖွဲ့ဝင်ဟောင်းများဖြစ်ပြီး ယခုအခါ အာဏာရှင်များနှင့် ရုရှား၏ မဟာမိတ်များက ဦးဆောင်နေကြသည်။ 

အီရန်ခရီးစဥ်မှာ ပူတင်အတွက် ယူကရိန်းစစ်ပွဲ စတင်ခဲ့ချိန်နောက်ပိုင်း ယခင်ဆိုဗီယက်ပြည်ထောင်စုပြင်ပသို့ ပထမဆုံးခရီးစဥ် သွားရောက်ခြင်းလည်း ဖြစ်သည်။

သမ္မတပူတင်၏ ဇူလိုင်လ (၁၉) ရက်နေ့ ခရီးစဥ်မှာ အီရန်နှင့်ဆက်ဆံရေး ပိုမိုအားကောင်းခိုင်မာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ 

အီရန်မှာ ရုရှားအတွက် အနည်းငယ် ကျန်ရှိနေသေးသော နိုင်ငံတကာမဟာမိတ်နှင့် အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှု ပစ်မှတ်များအဖြစ် အတူရှိနေသည့် နိုင်ငံလည်းဖြစ်သည်။

 အီရန်က ရုရှားကို ယူကရိန်းတွင် တိုက်ခိုက်နေသော ၎င်း၏စစ်ပွဲအတွက် တိုက်ခိုက်ရေးဒရုန်းများ ရာနှင့်ချီ ထောက်ပံ့ပေးရန် စီစဥ်နေကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်အစိုးရအရာရှိများက စွပ်စွဲထားသည်။

အမေရိကန်ဘက်မှ စွပ်စွဲချက်ထွက်ပေါ်လာခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က အီရန်ခရီးစဥ် သွားရောက်ခြင်းလည်း ဖြစ်သည်။ 

ထိုအတောအတွင်း ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom က အမေရိကန်ဒေါ်လာ သန်း (၄၀) တန် သဘောတူညီချက်တစ်ရပ်ကို အီရန်အစိုးရပိုင် ရေနံကုမ္ပဏီနှင့် ဇူလိုင်လ (၁၉) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

"အီရန်ခေါင်းဆောင် Khamenei နဲ့ အဆက်အသွယ်က အလွန်အရေးကြီးပါတယ်။ သူတို့ကြားမှာ နှစ်နိုင်ငံနဲ့ နိုင်ငံတကာရေးရာနဲ့ ပတ်သက်လို့ အရေးအကြီးဆုံး ကိစ္စရပ်တွေကို ယုံကြည်စိတ်ချတဲ့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်" ဟု ရုရှားသမ္မတပူတင်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် Yuri Ushakov က ဇူလိုင်လ (၁၈) ရက်နေ့တွင် ပြောခဲ့သည်။

Source: BBC

Photo: Sputnik/Grigory Sysoev/Pool via REUTERS