ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲတွင် အာဏာရှင် မားကို့စ် မိသားစုဝင်က အနိုင်ရခဲ့ရာ ဆန္ဒပြမှုများ ပေါ်ပေါက်လာပြီး စတော့ ဈေးနှုန်းများ ထိုးကျ

ဖိလစ်ပိုင် သမ္မတရွေးကောက်ပွဲတွင် အာဏာရှင် မားကို့စ် မိသားစုဝင်က အနိုင်ရခဲ့ရာ ဆန္ဒပြမှုများ ပေါ်ပေါက်လာပြီး စတော့ ဈေးနှုန်းများ ထိုးကျ
By Mr John

ဖိလစ်ပိုင်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် တရားဝင်မဟုတ်သေးသည့် စာရင်းများအရ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်၏ သားဖြစ်သူ ဖာဒီနန်မားကို့စ်ဂျူနီယာ (ဘောင်ဘောင်မားကို့စ်) က မဲအပြတ်အသတ်ဖြင့် အနိုင်ရပြီးနောက် ကျောင်းသားအများစုပါဝင်သည့် ဆန္ဒပြမှု ပေါ်ပေါက်လာခဲ့သည်။

ထို့အပြင် ဖိလစ်ပိုင် စတော့အိတ်ချိန်းတွင် ဈေးနှုန်း (၃.၁) ရာခိုင်းနှုန်းအထိ ကျဆင်းသွားခဲ့ပြီး ကိုးလအတွင်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။



သမ္မတရွေးကောက်ပွဲတွင် ဘောင်ဘောင်မားကို့စ်က အံ့အားသင့်ဖွယ် အနိုင်ရကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မေလ (၁၀) ရက်နေ့တွင် ကျောင်းသားအများစုပါဝင်သည့် လူ (၄၀၀) ဝန်းကျင်က ရွေးကောက်ပွဲကော်မရှင် အပြင်ဘက်၌ စုရုံးဆန္ဒပြကြပြီး ရွေးကောက်ပွဲ မမှန် မကန်လုပ်မှုကြောင့်ဟု ပြောဆိုကြသည်။

ရွေးကောက်ပွဲကော်မရှင် Commission on Elections (COMELEC) ကတော့ ဘောင်ဘောင်မားကို့စ်ကို သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခွင့် မပြုရန် အရေးဆိုမှုများအား ပယ်ချထားမှုများကို မေလ (၁၀) ရက်တွင် အတည်ပြုခဲ့သည်။



စစ်အုပ်ချုပ်ရေးကြောင့် ထိခိုက်ခံစားခဲ့ရသူများ အပါအဝင် မတူညီသည့် အုပ်စုများက ၁၉၉၅ ခုနှစ်က အခွန်ရှောင်မှုအပေါ် အခြေခံပြီး ဘောင်ဘောင်မားကို့စ်ကို သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မပြုရန် ကော်မရှင်ထံ အရေးဆိုတင်ပြခဲ့ကြသည်။

လက်ဝဲအုပ်စုဖြစ်သည့် Akbayan ပါတီက ကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် တရားရုံးချုပ်တွင် အယူခံဝင်သွားမည်ဟု ပြောသည်။

ဖိလစ်ပိုင် လူ့အခွင့်အရေးအုပ်စု Karapatan ကလည်း ဘောင်ဘောင်မားကို့စ်ကို သမ္မတအဖြစ် လက်မခံကြရန် ဖိလစ်ပိုင်ပြည်သူများကို တိုက်တွန်းခဲ့သည်။



ဂျူနီယာမားကို့စ် သမ္မတရွေးကောက်ပွဲအနိုင်ရမှုက (၃၆) နှစ်ကြာပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် မတွေးဝံ့စရာ တစ်ချိန်က မားကို့စ်မိသားစုအုပ်ချုပ်မှု ပြန်ရောက်လာမည့် အခြေအနေလည်းဖြစ်ကြောင်း စိုးရိမ်မှုများ ရှိနေသည်။

ဘောင်ဘောင်မားကို့စ်၏ ကွယ်လွန်သူဖခင် ဖာဒီနန်မားကို့စ်က ဖိလစ်ပိုင်နိုင်ငံကို ဆယ်စုနှစ် (၂) ခုကြာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သူ ဖြစ်သည်။

၁၉၈၆ ခုနှစ်တွင် "ပြည်သူ့အာဏာ" လူထုအုံကြွမှုဖြင့် ၎င်းကို ဖြုတ်ချခဲ့ပြီး မားကို့စ်မိသားစုက ဟာဝိုင်အီသို့ ပြည်ပြေးအဖြစ် သွားရောက်နေထိုင်ခဲ့သည်။



အသက် (၆၄) နှစ်အရွယ် ‌ဘောင်ဘောင်မားကို့စ်မှာ ၁၉၉၁ ခုနှစ်တွင် ဖိလစ်ပိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့ချိန်ကတည်းက ကွန်ဂရက်နှင့် ဆီးနိတ်လွှတ်တော်တို့တွင် လွှတ်တော်အမတ် ဆောင်ရွက်ခဲ့သည်။

မေလ (၉) ရက် သမ္မတရွေးကောက်ပွဲ၏ တရားဝင် မဟုတ်သည့် စာရင်းအရ မဲလက်မှတ် (၉၈) ရာခိုင်နှုန်းကို ရေတွက်ပြီးစီးချိန်တွင် ၎င်းက ထောက်ခံမဲ (၃၁) သန်းနီးပါး ရရှိထားပြီး အနီးဆုံးပြိုင်ဘက် လက်ရှိ ဒုတိယသမ္မတ လင်နီရိုဘရီဒိုထက် နှစ်ဆပိုများကြောင်း သိရသည်။



မားကို့စ်ဂျူနီယာနှင့်အတူ ဒုတိယသမ္မတနေရာအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်သူ လက်ရှိသမ္မတဒူတာတေး၏ သမီး ဆာရာဒူတာတေးကလည်း အနိုင်ရရန် သေချာနေပြီး တရားဝင်မဟုတ်သည့် စာရင်းများအရ ထောက်ခံမဲ (၃၁) သန်းကျော် ရရှိထားပြီး သူမနှင့် အနီးဆုံးပြိုင်ဘက် လစ်ဘရယ်ပါတီမှ ဖရန်စစ်ပန်ဂီလီနန်ထက် သုံးဆပိုများသည်ဟု ဆိုသည်။

ယခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် (၆၇) သန်းကျော်အနက် (၈၀) ရာခိုင်နှုန်းခန့်က လာရောက်မဲပေးခဲ့ကြပြီး ရွေးကောက်ပွဲ တရားဝင်ရလဒ်ကို ယခုလကုန်ဝန်းကျင်တွင် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

 

  • Source: Reuters, Bloomberg
  • Photo: REUTERS/Eloisa Lopez,Willy Kurniawan