အိုမီခရွန် မျိုးကွဲ BA.4 နှင့် BA.5 တို့က ပိုမိုပြင်းထန်ကြောင်း ထိုင်း ဆေးသိပ္ပံဌာနကပြော

အိုမီခရွန် မျိုးကွဲ BA.4 နှင့် BA.5 တို့က ပိုမိုပြင်းထန်ကြောင်း ထိုင်း ဆေးသိပ္ပံဌာနကပြော
By Mr John

 COVID-19 ဖြစ်စေသည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်၏ ထပ်ဆင့်မျိုးကွဲများဖြစ်သော BA.4 နှင့် BA.5 တို့က အိုမီခရွန်၏ အခြား ထပ်ဆင့်မျိုးကွဲများထက် ပိုမိုပြင်းထန်ပြီး ၎င်းတို့အပေါ် ပဋိပစ္စည်းများ၏ ထိရောက်မှုလည်း လျော့နည်းကြောင်း ထိုင်းနိုင်ငံ ဆေးသိပ္ပံဌာန Department of Medical Sciences က ပြောသည်။ 

ထိုဌာန၏ အထွေထွေညွန်ကြားရေးမှူး Supakit Sirilak က ဇူလိုင်လ (၁၁) ရက်နေ့တွင် ထိုင်းနိုင်ငံ၏ BA.4 နှင့် BA.5 နှင့် ပတ်သက်၍ အပတ်စဥ် နောက်ဆုံးအခြေအနေကို ရှင်းလင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်း (၄) ပတ်အတွင်း ဘန်ကောက်တွင် BA.4 နှင့် BA.5 ကူးစက်မှုများ တဖြည်းဖြည်း ပိုမိုများပြားလာခဲ့ပြီး စစ်ဆေးတွေ့ရှိရမှုများ၏ (၁၂) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်း၊ (၆၈) ရာခိုင်းနှုန်းနှင့် (၇၂) ရာခိုင်နှုန်း ဖြစ်လာခဲ့သည်ဟု ၎င်းကဆိုသည်။ 

"ဘန်ကောက်မှာတွေ့ရတဲ့ ကူးစက်မှုအများစုက BA.4 နှင့် BA.5 ကူးစက်မှုတွေ ဖြစ်ခဲ့တယ်" ဟု ဒေါက်တာ Supakit Sirilak က ပြောခဲ့သည်။

အခြား ပြည်နယ်များတွင်လည်း BA.4 နှင့် BA.5 ကူးစက်မှုများ တဖြည်းဖြည်းတိုးလာခဲ့ပြီး အပတ်စဥ် စစ်ဆေးမှုများအရ (၆) ရာခိုင်နှုန်းမှ (၁၇) ရာခိုင်နှုန်းနှင့် (၃၄) ရာခိုင်နှုန်း ဖြစ်လာခဲ့ကြောင်း ၎င်းကဆိုသည်။ 

"BA.4 နှင့် BA.5 ကူးစက်မှုတွေက BA.1 နဲ့ BA.2 ကို တဖြည်းဖြည်းချင်း ကျော်တက်သွားတော့မယ်။ BA.4 နှင့် BA.5 က ကူးစက်မှုတွေက အခြား ပြည်နယ်တွေမှာထက် ဘန်ကောက်မှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်။ ဒါပေမဲ့ ဘန်ကောက်မှာစတင်တဲ့ ဒီလိုအခြေအနေက တဖြည်းဖြည်းချင်း အခြားနေရာတွေကို ပျံ့နှံ့သွားလိမ့်မယ်" ဟု ဒေါက်တာ Supakit Sirilak က ရှင်းပြသည်။

COVID-19 ပြင်းထန်မှုနှင့် ပတ်သက်၍ ဘန်ကောက်၌ ပြင်းထန်သော အဆုတ်ရောင်ရမ်း လူနာများနှင့် သေဆုံးမှုများ၏ (၇၇) ရာခိုင်နှုန်းတွင် BA.4 နှင့် BA.5 ရှိခဲ့ကြပြီး (၂၃) ရာခိုင်နှုန်းတွင်မူ အိုမီခရွန်၏ ထပ်ဆင့်မျိုးကွဲ BA.2 ကို တွေ့ရသည်ဟု ဆိုသည်။ 

အခြားပြည်နယ်များတွင် စိုးရိမ်ရသည့် အဆုတ်ရောင်ရမ်းမှုနှင့် သေဆုံးခဲ့သူတို့၏ (၄၇) ရာခိုင်နှုန်းနှင့် ရောဂါလက္ခဏာ မပြင်းထန်သော လူနာများ၏ (၃၃) ရာခိုင်နှုန်းကျော်တွင် BA.4 နှင့် BA.5 ကို တွေ့ရသည်။

"ဒါကြောင့် ဘန်ကောက်နဲ့ အခြားပြည်နယ်တွေရဲ့ အချက်အလက်တွေထဲက BA.4 နှင့် BA.5 ထပ်ဆင့်မျိုးကွဲတွေက BA.2 ထက် ရောဂါပိုပြင်းထန်တယ်ဆိုတာ ကနဦး ညွှန်ပြနေတယ်" ဟု ဒေါက်တာ Supakit Sirilak က ပြောသည်။ 

တစ်ကမ္ဘာလုံးအတိုင်းအတာရ ဇွန်လ (၂၆) ရက်နှင့် ဇူလိုင်လ (၆) ရက်ကြား COVID-19 ဖြစ်ပွားမှုများ၏ (၅၂) ရာခိုင်နှုန်းတွင် BA.5 ကူးစက်မှုတွေ့ရပြီး ယခင် ဇွန်လ (၁၉) ရက်မှ (၂၅) ရက်ကြား ကာလအပိုင်းအခြားတွင် (၃၇) ရာခိုင်နှုန်းမှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

BA.4 မှာ ထိုကာလအပိုင်းအခြားနှစ်ခုတွင် (၁၁) ရာခိုင်နှုန်းမှ (၁၂) ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organisation (WHO) အချက်အလက်များကို ကိုးကားပြီး ဒေါက်တာ Supakit Sirilak က ပြောသည်။ 

"ဒီအချက်အလက်တွေက BA.5 က BA.4 ထက် ပိုကူးစက်မြန်တယ်ဆိုတာ ပြနေတယ်" ဟု ၎င်းက ဆိုသည်။ 

WHO ကမူ လက်ရှိတွင် BA.4 နှင့် BA.5 က အခြား ထပ်ဆင့်မျိုးကွဲများထက် သိသိသာသာ ရောဂါပိုမိုပြင်းထန်စေကြောင်း ကောက်ချက်ချထားခြင်း မရှိသေးပေ။

ပဋိပစ္စည်းများက အဆိုပါ ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် (၂) ခုကို ကာကွယ်ရာတွင် ထိရောက်မှုလျော့နည်းကြောင်း ကမ္ဘာတဝန်းမှ အချက်အလက်များ ဖော်ပြထားသည်ဟုလည်း ဒေါက်တာ Supakit Sirilak က ပြောသည်။ 

"ဒါက ဘာကိုဆိုလိုတဲဆိုတော့ အစောပိုင်းမှာ BA.1 ဒါမှမဟုတ် BA.2 ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် ကူးစက်ခံခဲ့ရဖူးသူတွေက BA.4 နဲ့ BA.5 ထပ်ဆင့်မျိုးကွဲတွေ ထပ်မံကူးစက်ခံရနိုင်ပါတယ်" ဟု ၎င်းက ရှင်းပြသည်။

အများပြည်သူအနေဖြင့် mask တပ်ခြင်း၊ မကြာခဏ လက်ဆေးခြင်းနှင့် လူစုလူဝေးရှောင်ခြင်းတို့ကို ဆက်လက် လုပ်ဆောင်သင့်ကြောင်းနှင့် သို့မှသာ BA.4 နှင့် BA.5 နှစ်ခုလုံးက အလွန်ကူးစက်မြန်ပြီး အမှန်တကယ် ရောဂါပိုပြင်းထန်သည့် အခြေအနေတွင် ဆေးရုံကုတင် မပြည့်မှာဖြစ်ကြောင်း ဒေါက်တာ Supakit Sirilak က ပြောခဲ့သည်။ 

အိုမီခရွန် ထပ်ဆင့်မျိုးကွဲများနှင့် ဆက်စပ်သည့် သတင်းတစ်ရပ်အရ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် BA.5.2.1 ဟုခေါ်သည့် ထပ်ဆင့်မျိုးကွဲ အသစ်တစ်မျိုးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

Source: Bangkok Post