တာချီလိတ်မြို့တွင် မိုးသည်းထန်မှုကြောင့် အနောက်မြို့ရှောင်လမ်းဘေး အိမ်ရာမြေကွက်များ ဖော်ဆောင်သည့် အနီးတွင် သဲမြေများ ရေစီးနှင့်အတူ မျောပါကာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး

တာချီလိတ်မြို့တွင် မိုးသည်းထန်မှုကြောင့် အနောက်မြို့ရှောင်လမ်းဘေး အိမ်ရာမြေကွက်များ ဖော်ဆောင်သည့် အနီးတွင် သဲမြေများ ရေစီးနှင့်အတူ မျောပါကာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး
ဇူလိုင် 11, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုအပိုင်း  အနောက်မြို့ရှောင်လမ်းနှင့် အိမ်ရာမြေကွက်ဖော်ဆောင်နေသည့် နေရာများနှင့် အနီးရှိ အနိမ့်ပိုင်းများမှ ဘုန်းကြီးကျောင်းများတွင် ဇူလိုင်လ(၁၁)ရက်နေ့ အကူးပိုင်းအချိန်က မိုးရွာသွန်းမှုနှင့်အတူ အိမ်ရာမြေကွက်ဖော်သည့် သဲမြေများ စီးလာမှုများကြောင့် ပျက်စီးမှုများ ဖြစ်ပွားကြောင်း သိရသည်။

 

ထိခိုက်ပျက်စီးသည့် ဘုန်းကြီးကျောင်းများအနက် မင်္ဂလာဇေယျုံကျောင်းတိုက်က ပိုမိုထိခိုက် ပျက်စီးသွားကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့ အကူး နံနက်(၂)နာရီဝန်းကျင်အချိန်က စပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်ပြီး ဘုန်းကြီးကျောင်းများ၏ အမြင့်ပိုင်းရှိ အိမ်ရာမြေကွက်ဖော်ဆောင်သည့် သဲမြေများမှာ မြေကွက်ဖော်သည့်ပိုင်ရှင်က စနစ်တကျ ကာရံခြင်းမရှိ၍ မိုးရွာသည့်အခါတွင် စီးမျောလာခြင်းဖြစ်သည်ဟု သိရသည်။



"စိုက်ပျိုးတဲ့လူတွေနား ဈေးပေါပေါနဲ့ဝယ်ပြီး အကွက်တွေ အများကြီးဖော်တာပေါ့၊ အဲ့နားက သဲတွေပဲ၊ အခုလည်း လုပ်နေတုန်းပဲ။ ဥက္ကဌကို အကြောင်းကြားတယ်၊ ဘုန်းကြီးတွေက နည်းနည်းပါးပါး ပြောကြတယ်။ အဲ့တော့ သူတို့က ကျောက်ရိုးစီပေးပါ့မယ်ပြောပြီး ပါးစပ်အပြောပဲပြီးသွားတယ်။ ခုထိ ဘာမှ မလုပ်ဘူး။ အခုအခြေအနေတိုင်းဆို စနစ်တကျ မလုပ်ရင်တော့ မိုးဒီထက်များလာရင် အနီးအနားက ဘုန်းကြီးကျောင်းတွေအကုန်ထိမှာ"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါနေရာတွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့ကလည်း ယခုလို ဖြစ်ပွားခဲ့သေးသည်။



#TachileikNewsAgency