တာချီလိတ်မြို့တွင် ခွင့်ပြုချက်မဲ့ COVID 19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းသူများကို ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ သတိပေး

တာချီလိတ်မြို့တွင် ခွင့်ပြုချက်မဲ့ COVID 19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းသူများကို ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ သတိပေး
ဒီဇင်ဘာ 9, 2020
By Tachileik News Agency

 

တာချီလိတ်မြို့တွင် ခွင့်ပြုချက်မဲ့ COVID 19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းသူများကို ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ သတိပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းကာ အခကြေးငွေယူ၍ ဆောင်ရွက်နေသည့်အဖွဲ့အား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့၌ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး ပစ္စည်းများကို တာဝန်ရှိသူများက သိမ်းဆည်းလိုက်သည်။
COVID 19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးအဖြစ် အစွန်းချွတ်ဆေးများအား ရေဖြင့် အချိုးကျဖျော်စပ်ရာတွင် သတိထားရန် လိုအပ်သည့်အပြင် ဆေးဖြန်းရန် လိုအပ်သည့်နေရာများအား ကျန်းမာရေးဌာနက ဆောင်ရွက်ပေးနေ၍ ထပ်ဆောင်းဆောင်ရွက်ရန် မလိုအပ်ကြောင်း သိရသည်။
"ပုံမှန်အားဖြင့်တော့ ကလိုရင်းမှာ ရောနှောတဲ့အဆက အရေးကြီးတယ်။ အဲဒါကတော့ သူတို့ ဘယ်လိုဖြန်းနေတယ်၊ ဘယ်လိုရောစပ်တယ်ဆိုတာ မသိနိုင်ဘူး။ အခု ကျွန်တော်တို့ ဆေးရုံမှာ ဖြန်းတယ်။ ဗော်လံတီယာတွေ ဖြန်းပေးတယ်ဆိုတာ သတ်မှတ်အချိုးအဆအတိုင်း အတိအကျဖြစ်အောင် လုပ်ပေးတယ်။ နောက်တစ်ခုက ငွေရေးကြေးရေးကိစ္စပါတာပေါ့။ အမှန်က အဲဒီကိစ္စက ငွေရေးကြေးရေးယူပြီး လုပ်တယ်ဆိုတာ ခုမှ ကြားဖူးတာပဲ။ မလုပ်သင့်ပါဘူး။ နောက်တစ်ခုက ပိုးတွေ့တဲ့နေရာဖြန်းတယ်ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင် လုပ်ပေးနေပါတယ်။ ပိုးတွေ့လူနာတွေ့တဲ့နေရာမှာ နံရံတွေဘာတွေမှာ ပိုးကျန်နေခဲ့တာ ဖြစ်နိုင်တယ်။ ဒီဟာက တစ်ခါဖြန်းရင် ချက်ချင်းသေပါတယ်။ နံပါတ်တစ်အနေနဲ့ ပြောရရင် ဒီလို ပိုးမတွေ့တဲ့နေရာတွေမှာ ဆေးဖြန်းတာတွေက မလိုဘူးလို့ ပြောရမှာပါပဲ။ ဒီတာ တားမြစ်တာတွေလည်း လုပ်သင့်ပါတယ်"ဟု ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဝိန်းကျောက်ရပ်ကွက်၌ အမျိုးသား (၄)ဦးပါအဖွဲ့က ထိုင်းနိုင်ငံဘက်မှ ဆေးမှုန့်များ မှာယူကာ ပိုးသတ်ဆေးဖြန်းပေးခြင်းလုပ်ငန်းအား အခကြေးငွေရယူဆောင်ရွက်ခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေကြသဖြင့် ယင်းကဲ့သို့ အရေးယူဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
COVID 19 ဗိုင်းရပ်စ်ပိုးသေစေနိုင်သည့် အစွန်းချွတ်ဆေးရည်၊ ဆေးမှုန့်များအား ရေဖြင့်အချိုးကျရောစပ်ကာ COVID 19 ကာကွယ်ရေး ပိုးသတ်ဆေးအဖြစ် အသုံးပြုရာ၌ ဆိုးကျိုးများလည်း ရှိသဖြင့် ကျန်းမာရေးမှ တာဝန်ရှိသူများ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ကြရခြင်းဖြစ်သည်။
ပိုးသတ်ဆေးဖြန်းခြင်းကြောင့် ဂေဟစနစ်ကို ပျက်စီးစေသဖြင့် မြေပြင်တွင် တိုက်ရိုက်ဖျန်းပက်ခြင်း၊သတ္တုမျက်နှာပြင်များတွင် ဖြန်းပက်ခြင်း၊ အလုံပိတ်ခန်းများတွင် ဖြန်းပက်ခြင်း၊ လူ့ခန္ဓာကိုယ်ကို တိုက်ရိုက်ဖြန်းပက်ခြင်း၊ လူ့ခန္ဓာကိုယ်ဖြင့် တိုက်ရိုက်ထိတွေ့စေသည့်နေရာများ၌ ဖြန်းပက်ခြင်းများ မလုပ်ရဘဲ အခန်းများတွင် ဆေးဖြန်းပြီးပါက (၁၀)မိနစ်ကြာလျှင် ကြမ်းတိုက်သန့်စင်ခြင်းအား ပြန်လည်လုပ်ဆောင်ရမည်ဖြစ်သည်။
ဆေးဖြန်းသူများအနေဖြင့်လည်း လက်ရှည်အကျီ ၤ၊ အကာအကွယ်မျက်မှန်၊ ပါးစပ်နှင့် နှာခေါင်းစည်း၊ ခေါင်းစွပ်၊ လက်အိတ်အထူအရှည်နှင့် လည်ရှည်ဖိနပ်များ ဝတ်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။
ပိုးသတ်ဆေးဖြန်းပက်ခြင်းအား စနစ်တကျမလုပ်ဆောင်ပါက ရေနေသတ္တဝါများ ပျက်စီးစေခြင်း၊ သတ္တုများ စားလောင်စေခြင်း၊ အရေပြားထိခိုက်စေခြင်း၊ မျက်စိကို ထိခိုက်စေခြင်း၊ အငွေ့ကိုရှုမိပါက အသက်ရှုလမ်းကြောင်း ထိခိုက်စေခြင်းနှင့် ပါးစပ်တွင်းဝင်ပါက အာခေါင်၊ ခံတွင်းများ ပျက်စီးစေခြင်းတို့ဖြစ်စေနိုင်သည်။
Tachileik News Agency
သတင်း -  ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~