ရှန်ဟိုင်းမြို့ရှိ ဆေးရုံတစ်ရုံတွင် ဓားကိုင်သူက ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံဖမ်းထားမှု ဖြစ်ပွားခဲ့

Photo: REUTERS/Brenda Goh
Photo: REUTERS/Brenda Goh
ရှန်ဟိုင်းမြို့ရှိ ဆေးရုံတစ်ရုံတွင် ဓားကိုင်သူက ဝင်ရောက်တိုက်ခိုက်ပြီး ဓားစာခံဖမ်းထားမှု ဖြစ်ပွားခဲ့
ဇူလိုင် 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ နာမည်ကြီး ဆေးရုံတစ်ရုံတွင် ဓားကိုင်ဆောင်ထားသူ တစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူ (၄) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ဇူလိုင်လ (၉) ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်ဖြစ်ရပ်မှာ တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းတွင် COVID-19 ကြောင့် lockdown လုပ်ထားရမှုကို ဇွန်လအစောပိုင်း၌ ရုပ်သိမ်းခဲ့ပြီးနောက် ဒုတိယအကြိမ် ဓားဖြင့်တိုက်ခိုက်မှုလည်း ဖြစ်လာသည်။

ရဲအရာရှိတွေက ဇူလိုင်လ (၉) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွားကြောင်း ဖုန်းဆက်သွယ်မှု လက်ခံရရှိပြီးနောက် နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိ Ruijin ဆေးရုံသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်ဟု ဆိုသည်။ 

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုမှတ်တမ်းများအရ ဆေးရုံသို့လာရောက်ကြသည့် ဧည့်သည်များက အပြင်ထွက်ရန် ဆုံလည်ဝင်ပေါက်တွင် ဝရုန်းသုန်းကား စုပြုံတိုးဝှေ့နေကြပြီး ဆရာဝန်များက ၎င်းတို့၏ လူနာများနှင့်အတူ ထွက်ပြေးနေခဲ့ကြသည်။ 

လူနာအချို့ကို ဝှီးချဲများပေါ်နှင့် လူနာတစ်ဦးမှာ ရွေ့လျားကုတင်ပေါ်တွင် တွေ့ရသည်။

ဗီဒီယိုတစ်ခုတွင်မူ ရှည်လျားသည့် သွေးစွတ်ကြောင်းတစ်ခုကို လှေကားထစ်တစ်လျှောက် တွေ့ရသည်။ 

"အရမ်းတုန်လှုပ်ချောက်ချားစရာပဲ။ အရမ်းလည်း စိတ်ပျက်စရာကောင်းတယ်။ ဒီလူ့အဖွဲ့အစည်းက ဘာဖြစ်နေပြီလဲ?" ဟု ထိုဆေးရုံကို အဝင်အထွက် ပိတ်လိုက်ပြီးနောက် ဆေးစစ်ရန် ရောက်ရှိလာသည့် အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံတွင် ဆေးရုံများ၌ တိုကင်ရောင်းစားသည့် ပွဲစားများကိစ္စကနေ ဆရာဝန်နှင့်တွေ့ရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုနှင့် အဂတိလိုက်စားမှုကြောင့် ဆေးကုသမှုခံယူရာတွင် ပိုမိုကုန်ကျမှုအထိ ပြဿနာများကို ရင်ဆိုင်နေရသော လူအများအပြားအတွက် သည်းမခံနိုင်စရာ အခြေအနေ ဖြစ်နေခဲ့သည်။

လူနာများက ဆရာဝန်များကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုသတင်းများလည်း ကြားနေကျဖြစ်သည်ဟု ဆိုသည်။ 

ရှန်ဟိုင်းမြို့ရှိ Ruijin ဆေးရုံ ဖြစ်စဥ်အတွင်း ဓားကိုင်အမျိုးသားတစ်ဦး ပြင်ပလူနာဌာန၏ (၇) ထပ်နေရာတွင် လူအုပ်စုတစ်ခုကို ဓားစာခံအဖြစ် ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။ 

ထိုအမျိုးသားက ဓားစာခံများကို အနာတရဖြစ်အောင်လုပ်မည်ဟု ခြိမ်းခြောက်ခဲ့ရာ ရဲတပ်ဖွဲ့က ၎င်းကို သေနတ်ဖြင့်ပစ်ခတ်ပြီး နှိမ်နင်းခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောသည်။

ယခုဖြစ်ရပ်အတွင်း အသက်အန္တရာယ်ရှိသည့် ဒဏ်ရာရသူ မရှိခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

Ruijin ဆေးရုံကို အဝင်အထွက် ပိတ်ထားခဲ့ပြီး ပြင်လူနာများ ဆရာဝန်နှင့်တွေ့ရန် ချိန်ဆိုးထားမှု အားလုံးကို ဖျက်သိမ်းလိုက်ကြောင်း ရဲအရာရှိတစ်ဦးကို ဆေးရုံပြင်ပတွင် လာရောက်ကြည်ရှုနေသူများကို ပြောခဲ့သည်။ 

ရှန်ဟိုင်းမြို့လယ် Jingan ခရိုင်တွင်လည်း ဇူလိုင်လ (၄) ရက်နေ့က ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Source: Reuters