ထိုင်းနိုင်ငံတွင် အမျိုးသမီး မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးရမိပြီး ဘတ်သန်း(၁၀၀)ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်း

ထိုင်းနိုင်ငံတွင် အမျိုးသမီး မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးရမိပြီး ဘတ်သန်း(၁၀၀)ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်း
ဇူလိုင် 9, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် အမျိုးသမီး မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးရမိပြီး ပိုင်ဆိုင်မှုများကို သိမ်းဆည်း

ထိုင်းနိုင်ငံတွင် ဇူလိုင်လ (၈) ရက်နေ့က ရဲတပ်ဖွဲ့၏ စီးနင်းများအတွင်း အဓိက မူးယစ်ဆေးဝါးဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ချစ်သူ အမျိုးသားတို့ကို ဖမ်းဆီးခဲ့ပြီး ဘတ်ငွေ သန်း (၁၀၀) ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

SN77 ဟု လူသိများသော အဓိက မူးယစ်ဆေးဝါးဂိုဏ်း၏ ခေါင်းဆောင် အသက် (၃၅) နှစ်အရွယ် Saranya Faknuam ကို ဖမ်းဆီးခဲ့ပြီး နွန်သာဘူရီရှိ သူမ၏နေအိမ်မှ ပိုင်ဆိုင်ပစ္စည်းများကို သိမ်းဆည်းခဲ့သည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့ နယ်မြေ (၁) နှင့် စစ်တပ်ထောက်လှမ်းရေးတို့က ဇူလိုင်လ (၈) ရက်နေ့တွင် ဘန်ကောက်ရှိ နေရာ (၃) ခု၊ နွန်သာဘူရီရှိ နေရာ (၅) ခုနှင့် ဆာဘရာဘူရီရှိ နေရာ (၂) ခုတို့ကို ဝင်ရောက်စီးနင်းခဲ့ကြခြင်း ဖြစ်သည်။ 

ထိုစီးနင်းမှုများအတွင်း SN77 မူးယစ်ဆေးဝါဂိုဏ်းခေါင်းဆောင် Saranya ကို ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးကြီး ဇိမ်ခံကားနှင့် နာရီများ အပါအဝင် ဘတ်ငွေ သန်း (၁၀၀) ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းခဲ့သည်။

သိမ်းဆည်းခဲ့မှုများအနက် တန်ဖိုးကြီး ဇိမ်ခံကား (၅) စီးနှင့် လက်ပတ်နာရီ (၂) လုံး ပါဝင်သည်။

ထိုတန်ဖိုးကြီးကားများမှာ ဘတ်ငွေ သန်း (၃၀) တန် Porsche GT2 RS ၊ ဘတ်ငွေ သိန်း (၃၀) တန် Lamborghini ၊ ဘတ်ငွေ (၇) သန်းတန် Nissan Skyline R32 ၊ ဘတ်ငွေ (၃) သန်းတန် Toyaota Alphard ၊ ဘတ်ငွေ (၂) သန်းတန် Mazda RX7 URUS နှင့် ဘတ်ငွေ (၃၀၀,၀၀၀) တန် Honda Jazz  တို့ ဖြစ်သည်။

လက်ပတ်နာရီ (၂) လုံးမှာ ဘတ်ငွေ သန်း (၂၀) တန် Richard Mille နှင့် ဘတ်ငွေ (၄.၅) သန်းတန် Patek Philippe တို့ဖြစ်ပြီး နေအိမ်မှ ၉ မမ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်ကပ် (၃) ခုကိုလည်း သိမ်းဆည်ရမိခဲ့ကြောင်း သိရသည်။ 

SN77 ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးသည့်စစ်ဆင်ရေးမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် မက်သာဖက်တမင်းဆေးပြား (၅) သန်းနှင့် မက်သာဖက်တမင်း ပုံဆောင်ခဲ့ (၁၂၀) ကီလိုဂရမ်နှင့်အတူ မူးယစ်ဆေးဝါး သံသယရှိသူ (၂) ဦးကို ဖမ်းဆီးခဲ့ရာမှ အစပြုခဲ့ခြင်းဟု ဆိုသည်။

စုံစမ်းစစ်ဆေးရေးမှူးတွေက ထိုဖမ်းဆီးမှုကနေ ကွင်းဆက်လိုက်ကာ တိုးချဲ့စုံစမ်းစစ်ဆေးခဲ့ပြီး Saranya မှာ SN77 မူးယစ်ဆေးဝါးဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ကြောင်း သက်သေအထောက်အထား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ 

ထို့နောက် သူမကို မူးယစ်ဆေးဝါးအမှုများဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန အကြီးအကဲ ရဲတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး Sarayut Sa-nguanpokthai က ပြောသည်။

ဇူလိုင်လ (၈) ရက်နေ့တွင် SN77 မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် Saranya ၏ ချစ်သူ အသက် (၃၅) နှစ်အရွယ် Chokphiphat Chanwichian ကိုလည်း ဘန်ကောက်ဧရိယာအတွင်း Taling Chan ခရိုင်ရှိ Boromratchonnaree အမြန်လမ်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

Chokphiphat မှာ ယခင်က မူယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး ယမန်နှစ်အတွင်း ထောင်မှပြန်လွတ်လာခဲ့သူလည်း ဖြစ်သည်။ 

၎င်းက ပြည်တွင်း မူးယစ်ဆေးဝါးကွန်ရက်များနှင့် ဆက်သွယ်ပြီး ဘန်ကောက်နှင့် ပတ်ဝန်းကျင်ပြည်နယ်များရှိ အေးဂျင့်များထံသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ပေးသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန အရာရှိများ၏ အဆိုအရ SN77 ဂိုဏ်းခေါင်းဆောင် Saranya က သူမ၏ဂိုဏ်းကို မူးယစ်ဆေးဝါးပမာဏ အမြောက်အမြား ပေးသွင်းနေသည့် အိမ်နီးချင်းနိုင်ငံတစ်ခုတွင် အခြေစိုက်သော မူးယစ်ဆေးဝါးထုတ်လုပ်ရေးနှင့် အဆက်အသွယ်ရှိကြောင်း သိရသည်။ 

Saranya တို့စုံတွဲက မူးယစ်ဆေးဝါးကုန်သွယ်မှုမှ ရရှိလာသော ငွေများကို တန်ဖိုးကြီး ဇိမ်ခံကားများ၊ အဆောင်လက်ဖွဲ့များနှင့် တန်ဖိုးကြီး လက်ပတ်နာရီများ ဝယ်ယူခြင်းဖြင့် ငွေကြေးခဝါချခဲ့ကြောင်း စွပ်စွဲထားသည်။

Source: Bangkok Post

Photo: supplied