တော်ဝင်မင်းသမီး ဒိုင်ယာနာ၏ ဆွယ်တာအင်္ကျီက လေလံတင် ရောင်းချခဲ့ဖူးသမျှတွင် တန်ဖိုးအကြီးဆုံး ဆွယ်တာအင်္ကျီဖြစ်လာ

တော်ဝင်မင်းသမီး ဒိုင်ယာနာ၏ ဆွယ်တာအင်္ကျီက လေလံတင် ရောင်းချခဲ့ဖူးသမျှတွင် တန်ဖိုးအကြီးဆုံး ဆွယ်တာအင်္ကျီဖြစ်လာ
စက်တင်ဘာ 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ကွယ်လွန်သူ ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာ ဝတ်ဆင်ခဲ့သည့် သိုးမည်းတစ်ကောင် ဆွယ်တာအင်္ကျီကို စက်တင်ဘာလ (၁၄) ရက်နေ့က  လေလံတင် ရောင်းချခဲ့ရာ သူမ၏ အဝတ်အထည်များအနက် စံချိန်တင် အမြင့်ဆုံးဈေးနှုန်း ရရှိခဲ့သည်။ 

Sotheby's လေလံကုမ္ပဏီမှ နယူးယော့ခ်မြို့တွင် နောက်ဆုံး ပြုလုပ်ခဲ့သော Fashion Icons လေလံပွဲ၌ ဒိုင်ယာန၏ ဆွယ်တာအင်္ကျီကို လေလံပွဲ စတင်ပြီး (၁၅) မိနစ်အတွင်းမှာပင်  အမေရိကန်ဒေါ်လာ (၁,၁၄၃,၀၀၀) ဖြင့် ဝယ်ယူသွားခဲ့သည်။

ထိုဆွယ်တာကို ဒိုင်ယာနာက ၁၉၈၁ ခုနှစ်အတွင်း ပိုလိုအားကစား ပွဲစဥ်တစ်ခုကို လာရောက်ကြည့်ရှုစဥ် ဝတ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခု တတိယမြောက် ချားလ်စ်ဘုရင်နှင့် ဒိုင်ယာနာတို့ စေ့စပ်ထားစဥ်လည်း ဖြစ်သည်။

ယခင် လေလံတင် ရောင်းချခဲ့သော ဒိုင်ယာနာ၏ အဝတ်အထည်များတွင် ဖက်ရှင်ဒီဇိုင်နာ Victor Edelstein က ၁၉၈၉ ခုနှစ်အတွင်း သူမအတွက် ဖန်တီးချုပ်လုပ်ပေးခဲ့သည့် ပွဲတက်ဝတ်စုံက ဒေါ်လာ (၆၀၄,၈၀၀) ဖြင့် စံချိန်တင် အမြင့်ဆုံးဈေးနှုန်း ရရှိထားခဲ့ခြင်း ဖြစ်သည်။

ယခု စံချိန်တင် အမြင့်ဆုံးဈေးနှုန်းဖြင့် လေလံတင် ရောင်းချခဲ့သည့် ဒိုင်ယာနာ၏ ဆွယ်တာအင်္ကျီကို ၁၉၇၉ ခုနှစ်တွင် ဖက်ရှင်ဒီဇိုင်နာ Sally Muir နှင့် Joanna Osborne တို့က ၎င်းတို့၏ အမှတ်တံဆိပ် Warm & Wonderful ဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ 

ဆွယ်တာအင်္ကျီ ဒီဇိုင်းမှာ သိုးဖြူများကို အတန်းလိုက် စီထားပြီး အင်္ကျီ၏ အရှေ့ဘက်ခြမ်းတွင် သိုးမည်းတစ်ကောင်ကို ထည့်သွင်းထားသည်။

ဒိုင်ယာနာ ဝတ်ဆင်ခဲ့သည့် ထိုဆွယ်တာကို မူလက လေလံဈေးနှုန်း ဒေါ်လာ (၅၀,၀၀၀) နှင့် (၈၀,၀၀၀) ကြား ရရှိမည် ခန့်မှန်းထားခဲ့သော်လည်း လေလံဆွဲ ဝယ်ယူမှု စုစုပေါင်း (၄၄) ခု ရှိလာပြီးနောက် ဈေးနှုန်းမှာ ခန့်မှန်းထားသည်ထက် (၁၄) ဆ ပိုမို မြင့်တက်သွားခဲ့ကြောင်း Sotheby's က ဆိုသည်။ 

"ချစ်စရာကောင်းတဲ့ ဒီဆွယ်တာအင်္ကျီလေးက အခုတော့ မင်းသမီးဒိုင်ယာနာရဲ့ တည်မြဲနေတဲ့ အမွေအနှစ်ကို သယ်ဆောင်ပြီး အိမ်အသစ် တွေ့ရှိသွားလို့ ကျွန်မတို့ ပီတီဖြစ်ရပါတယ်" ဟု Muir နှင့် Osborne တို့က ထုတ်ပြန်ချက်တွင် ပြောထားသည်။

#TachileikNewsAgency

Source: CNN