တစ်နေ့လျှင် (၂) ပွဲသာ ရရှိနိုင်သည့် ထိုင်ဝမ်စားသောက်ဆိုင်၏ "ဂေါ်ဇီလာ ရာမင်" ဟင်းပွဲ

တစ်နေ့လျှင် (၂) ပွဲသာ ရရှိနိုင်သည့် ထိုင်ဝမ်စားသောက်ဆိုင်၏ "ဂေါ်ဇီလာ ရာမင်" ဟင်းပွဲ
ဇူလိုင် 1, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်ဝမ်တောင်ပိုင်းရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်က ထူးထူးခြားခြား ဟင်းပွဲအဖြစ် မိကျောင်းအသားဖြင့် "ဂေါ်ဇီလာ ရာမင်" "Godzilla Ramen" ကို ဖန်တီးလိုက်ရာ ထင်ရှားကျော်ကြားသည့် ဂျပန်ရုပ်ရှင်ဇာတ်ကောင် ဂေါ်ဇီလာက ဟင်းပွဲပန်းကန်ထဲမှ ထွက်လာပြီး လှမ်းဆွဲလိုက်မည့်ဟန်ပန်နှင့် တူနေသည်ဟု ဆိုကြသည်။ 

ထိုင်ဝမ်တောင်ပိုင်း Douliu မြို့ရှိ Witch Cat Kwai စားသောက်ဆိုင်က ပြင်ဆင်ရောင်းချနေသည့် မိကျောင်းအသားနှင့် ဟင်းပွဲ ဖြစ်သည်။

ထိုစွပ်ပြုတ်ဟင်းပွဲတွင် ငုံးဥများ၊ ဝက်သား၊ ပြောင်းဖူးအသေး၊ မျှစ်ခြောက်၊ မှိုခြောက်၊ ငါးပိတို့နှင်အတူ မိကျောင်းခြေထောက်တစ်ချောင်း ပါဝင်ကြောင်း စားသောက်ဆိုင်ပိုင်ရှင် Chien က CNN Travel ကို ပြောသည်။ 

အထူးသဖြင့် မိကျောင်း၏ ရှေ့ခြေထောက်တစ်ချောင်း ပါဝင်သည်ဟု ၎င်းကဆိုသည်။

 မိကျောင်းခြေထောက်များရရှိရန်နှင့် ဟင်းလျာချက်ပြုတ်ရသည့် အခက်အခဲတို့ကြောင့် တစ်နေ့လျှင် "ဂေါ်ဇီလာ ရာမင်" (၂) ပွဲသာ ရောင်းချနိုင်ကြောင်း သိရသည်။

"ဂေါ်ဇီလာ ရာမင်" ဟင်းတစ်ပွဲလျှင် ထိုင်ဝမ်ဒေါ်လာ (၁,၅၀၀) (အမေရိကန်ဒေါ်လာ ၅၀) ဖြင့် ရောင်းချနေကြောင်း Chien က ပြောသည်။ 

မိကျောင်းခြေထောက်ကို သန့်စင်ပြီးနောက် အရက်နှင့် ဂျင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီ အရောတို့နှင့် ပွတ်ပေးပြီးနောက် အိုးအလုံပိတ်၍ (၂) နာရီကြာ နှပ်ထားရကြောင်း သိရသည်။ 

"ဂေါ်ဇီလာ ရာမင်" ဟင်းပွဲတစ်ပွဲကို ပြင်ဆင်ချက်ပြုတ်ရသည့် ကြာချိန်မှာ (၃) နာရီခန့်ဖြစ်ကြောင်း Chien က ရှင်းပြသည်။

"မိကျောင်းအသားက ကြက်သားလိုပဲ အရသာရှိပေမဲ့ သူက ပိုပြီး အသားတင်းတယ်၊ နူးညံ့ပြီး ဆွဲကြည့်လို့ရတယ်လို့ စားသုံးသူ အများအပြားက ပြောကြတယ်။ ကြက်ခြေထောက်ပေါင်းလိုပဲလို့ ကျွန်တော် ထင်တယ်" ဟု Chien က ပြောသည်။ 

"ဂေါ်ဇီလာ ရာမင်" ဟင်းလျာကို စားသုံးလိုသူများ အနေဖြင့် ကြိုတင်စားရင်းပေးထားရပြီး လက်ရှိတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ စာရင်းပြည့်နေပြီဟု ဆိုသည်။

 ထိုင်ဝမ်တွင် မိကျောင်းများကို မွေးမြူ၍ စားခြင်းမှာ တရားဝင်ဖြစ်ပြီး ကာကွယ်‌ထိန်းသိမ်းရသည့် မျိုးစိတ်အဖြစ် သတ်မှတ်မထားကြောင်းလည်း သိရသည်။

#TachileikNewsAgency

Source: CNN