ဘင်္ဂလားဒေ့ရှ်တွင် လူ(၄၀)ကျော် သေဆုံးခဲ့သည့် ကွန်တိန်နာဝင်း မီးလောင်မှုကို (၃) ရက်ကြာမှ ထိန်းချုပ်နိုင်

ဘင်္ဂလားဒေ့ရှ်တွင် လူ(၄၀)ကျော် သေဆုံးခဲ့သည့် ကွန်တိန်နာဝင်း မီးလောင်မှုကို (၃) ရက်ကြာမှ ထိန်းချုပ်နိုင်
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အနည်းဆုံး လူ (၄၃) ဦး သေဆုံးခဲ့သည့် ကွန်တိန်နာဝင်းအတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် မီးလောင်မှုကို ထိန်းချုပ်နိုင်ရန် (၃) ရက်ကြာ ကြိုးပမ်းခဲ့ရပြီး လုံးဝငြိမ်းသွားခြင်းမရှိသေးဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းမြို့ဖြစ်သည့် စစ်တကောင်းမြို့၏ အရှေ့တောင်ဘက် (၂၅) မိုင်အကွာ Sitakunda မြို့ရှိ ကွန်တိန်နာဝင်းတွင် ဇွန်လ (၄) ရက် ဒေသစံတော်ချိန် ည (၉) နာရီဝန်းကျင်က မီးလောင်မှု စတင်ဖြစ်ပွားပြီး ကြီးမားသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မီးသတ်သမားများက ထိုမီးလောင်မှုကို ဇွန်လ (၇) ရက်နေ့တွင် ထိန်းချုပ်နိုင်ပြီဟို သိရသည်။

ကွန်တိန်နာဝင်းအတွင်း မီးလောင်ပေါက်ကွဲမှုဖြစ်ရခြင်းမှာ ဘေးအန္တရာယ်ကင်းရေး လမ်းညွှန်ချက်များကို လိုက်နာခဲ့ခြင်းမရှိတာကြောင့်ဟု မီးသတ်ဌာန အကြီးတန်းအရာရှိတစ်ဦးက သံသယရှိခဲ့သည်။

မီးလောင်မှုနှင့်အတူ ပေါက်ကွဲမှုကြီး ဖြစ်ပွားရသည့်အကြောင်းရင်းကို အာဏာပိုင်တွေက သတ်မှတ်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ( hydrogen peroxide ) သိုလှောင်ထားသည့် ကွန်တိန်နာတစ်လုံးကြောင့်ဖြစ်ကြောင်း သံသယရှိကြသည်။

"မီးက လုံးဝငြိမ်းမသွားသေးဘူး။ ဒါပေမဲ့ နောက်ထပ် ပေါက်ကွဲမှုဖြစ်မယ့် အန္တရာယ်တော့ မရှိတော့ဘူး။ ကျွန်တော်တို့ အဖွဲ့တွေက ဓာတုဗေဒပစ္စည်းရှိနေတဲ့ ကွန်တိန်နာတွေကို တစ်လုံးချင်းစီ ခွဲထုတ်ထားကြပြီးပြီ" ဟု မီးသတ်ဌာန အကြီးတန်းအရာရှိ Monir Hossain က Reuters သတင်းဌာနကို ပြောသည်။

အဝတ်အထည်ကနေ ဓာတုဗေဒပစ္စည်းတွေအထိ အရာအားလုံးနှင့်ပြည့်နေသည့် ကွန်တိန်နာများရှိရာဝင်းအတွင်း မီးသတ်ဆေးဘူး လက်တစ်ဆုပ်စာမျှသာရှိကြောင်းနှင့် အခြေခံ မီးဘေးလုံခြုံရေးအစီအမံများပင် မရှိခဲ့ကြောင်း ၎င်းကဆိုသည်။

"အခြေခံကျတဲ့ မီးဘေးလုံခြုံရေး အစီအမံတွေ မရှိခဲ့ဘူး။ မီးသတ်ဆေးဘူးအချို့ပဲရှိတယ်။ တခြား ဘာမှမရှိဘူး။ သူတို့က အန္တရာယ်ရှိ ဓာတုပစ္စည်းတွေအတွက် သိုလှောင်မှုလမ်းညွှန်ချက်တွေကိုတောင် မလိုက်နာခဲ့ကြဘူး" ဟု Monir Hossain က ပြောခဲ့သည်။

မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် BM Container Depot ၏ ညွှန်ကြားရေးမှူးကို မှတ်ချက်ပေးရန် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။

ကွန်တိန်နာဝင်းအတွင်း မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၄၉) ဦး သေဆုံးခဲ့ကြောင်း ကနဦး သတင်းများတွင် ဖော်ပြခဲ့သော်လည်း ယခုနောက်ဆုံး သေဆုံးစာရင်းအရ (၄၃) ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများအနက် မီးသတ်သမား အနည်းဆုံး (၉) ဦး ပါဝင်ကြောင်း မီးသတ်အရာရှိ Purno Chandro Mursody က Reuters ကို ပြောသည်။ ထိဖြစ်ရပ်အတွင်း ဒဏ်ရာရသူ (၂၀၀) ကျော်ရှိခဲ့ရာ (၅၀) မှာ ကယ်ဆယ်ရေးသမားများဖြစ်သည်ဟု ၎င်းကဆိုသည်။

Sitakunda မြို့ရှိ ကွန်တိန်နာဝင်းတွင် ဖြစ်ပွားသည့် မီးလောင်မှုကို ရာနှင့်ချီသည့် မီးသတ်သမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ပရဟိတသမားများက မီးငြှိမ်းသတ်ရန် အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။

၎င်းတို့က မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြစဥ် ကြီးမားသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အများအပြား မီးလောင်ခံခဲ့ရပြီး အပျက်အစီးများနှင့် လူများ လေထဲသို့ လွင့်ထွက်သွားခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စည်းမျဥ်းစည်းကမ်း လျော့ရဲမှုနှင့် စည်းမျဥ်းစည်းကမ်းလိုက်နာစေရန် ဆောင်ရွက်မှုအားနည်းခြင်းတို့ကြောင့် မကြာသေးမီ နှစ်များအတွင်း လူရာနှင့်ချီ သေဆုံးခဲ့သည့် ကြီးမားသော မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။

၂၀၂၀ ခုနှစ်အတွင်း စစ်တကောင်းမြို့ Patenga ဧရိယာရှိ ကွန်တိန်နာဝင်းတစ်ခုတွင် လောင်စာဆီ သိုလှောင်ကန်တစ်ခု ပေါက်ကွဲမှုဖြစ်ပြီး လူ (၃) ဦး သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းကလည်း ဒါကာမြို့တော်ရှိ အစားအစာ ပြင်ဆင်ထုတ်လုပ်သည့်စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ (၅၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၀ ခုနှစ်အတွင်း ဒါကာမြို့ရှိ ရာစုနှစ်များကြာ သက်တမ်းရှိသည့် ရပ်ကွက်တစ်ခုအတွင်း အဆောက်အအုံများ မီးလောင်ခဲ့မှုကြောင့် အနည်းဆုံး လူ (၇၀) ဦး သေဆုံးခဲ့သည်။

Source: Reuters

Photo: Reuters / AL MAHMUD BS , Mohammad Minhaj Uddin/TBS,