ဧည့်ခန်းထဲတွင်ထားနိုင်မည့် ဒိုင်နိုဆောအရိုးစု ပြင်သစ်တွင်  လေလံတင်မည်

ဧည့်ခန်းထဲတွင်ထားနိုင်မည့် ဒိုင်နိုဆောအရိုးစု ပြင်သစ်တွင်  လေလံတင်မည်
စက်တင်ဘာ 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဧည့်ခန်းထဲတွင်ထားရှိနိုင်သည့် အရွယ်အစား သေးငယ်သော ဒိုင်နိုဆောအရိုးစုကို လာမည့် အောက်တိုဘာလအတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့၌ လေလံတင် ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်း ယူရိုငွေ (၄၀၀,၀၀၀) နှင့် (၅၀၀,၀၀၀) ကြားရရှိမည်ဟု ခန့်မှန်းထားကြောင်း လေလံကုမ္ပဏီ Giquello က ပြောသည်။ 

အစောပိုင်း လေလံပွဲများတွင် ရောင်းချခဲ့သည့် ကြီးမားသော ဒိုင်နိုဆောအရိုးစုများကဲ့သို့ မဟုတ်ဘဲ ယခု ဒိုင်နိုဆောအရိုးစု ကျောက်ဖြစ်ရုပ်ကြွင်းမှာ အမြင့် (၄) ပေကျော်နှင့် အရှည် (၉.၈) ပေမျှသာရှိသည်။

အဆိုပါ ဒိုင်နိုဆောငယ်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို ၂၀၁၉ ခုနှစ်က အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်တွင် ကိုယ်ပိုင်မြေနေရာ၌ လမ်းဖောက်လုပ်စဥ်အတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ 

"ဧည့်ခန်းတစ်ခန်းအတွက် ဒိုင်နိုဆော ဖြစ်ပါတယ်" ဟု လေလံတင်သူ Alexandre Giquello က အရွယ်အစားကို ရည်ညွှန်းပြောခဲ့သည်။

ထိုဒိုင်နိုဆောမှာ လွန်ခဲ့သည့် နှစ်သန်းပေါင်း (၁၅၀) ကျော်က ရှင်သန်နေထိုင်ခဲ့သည်ဟု ခန့်မှန်းထားသည်။ 

၎င်း၏ ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုကို အီတလီ ကျောက်ဖြစ်ရုပ်ကြွင်း ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က ရုပ်လုံးပေါ်ရန် ပြန်လည်ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ 

ဧည့်ခန်းတွင်ထားရှိနိုင်သည့်အရွယ် ဒိုင်နိုဆောအရိုးစုကို လာမည့် အောက်တိုဘာလ (၂၀) ရက်တွင် လေလံတင်သွားမည်ဟု သိရသည်။ 

၂၀၂၀ ခုနှစ်အတွင်းက အလားတူ လေလံပွဲတွင် အမြင့် (၁၁) ပေနှင့် အရှည် (၃၃) ပေနီးပါးရှိ ဒိုင်နိုဆောအရိုးစုကို ယူရိုငွေ (၃) သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

Source: Reuters

Photo: REUTERS/Sarah Meyssonnier,EPA, AP/Francois Mori,