အိန္ဒိယတွင် ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ ဝန်ဆောင်ခ ကောက်ခံမှုကို တားမြစ်ပိတ်ပင်

Image Credit: timesofindia  , quoracdn
Image Credit: timesofindia , quoracdn
အိန္ဒိယတွင် ဟိုတယ်နှင့် စားသောက်ဆိုင်များ၌ ဝန်ဆောင်ခ ကောက်ခံမှုကို တားမြစ်ပိတ်ပင်
ဇူလိုင် 6, 2022 | နိုင်ငံတကာသတင်း
By Mr John

 အိန္ဒိယနိုင်ငံ၏ စားသုံးသူအကာအကွယ်ပေးရေး အာဏာပိုင်အဖွဲ့က ဟိုတယ်နှင့် စားသောက်ဆိုင်များကို ဝန်ဆောင်ခကောက်ခံခြင်းမပြုရန် တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။ 

စားသုံးသူများထံမှ ဝန်ဆောင်ခ မဖြစ်မနေပေးနေရမှုအပေါ် တိုင်ကြားချက်များ မြင့်တက်လာခဲ့ပြီးနောက် အာဏာပိုင်အဖွဲ့က ထိုသို့ အမိန့်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

 အိန္ဒိယစားသောက်ဆိုင်များက အစားအသောက်အတွက် ကျသင့်ငွေ တောင်းခံလွှာတွင် ဝန်ဆောင်မှုခအဖြစ် (၅) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်း ပေါင်းထည့်ထားလေ့ရှိကြသည်။

သို့သော် စားသုံးသူအကာအကွယ်ပေးရေး အာဏာပိုင်အဖွဲ့၏ စည်းမျဥ်းအသစ်အရ စားသောက်ဆိုင်များက ကျသင့်ငွေတောင်းခံလွှာတွင် ဝန်ဆောင်ခကို ပုံသေ သို့မဟုတ် အလိုအလျောက် ပေါင်းထည့်ခြင်း လုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။ 

ထို့အတူ စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများထံမှ အခြား မည်သည့်ခေါင်းစဥ်နှင့်မဆို အပိုငွေကောက်ခံခြင်း သို့မဟုတ် အပိုငွေမပေးသည့် စားသုံးသူများကို ဝန်ဆောင်မှုမပေးခြင်း သို့မဟုတ် ဝင်ခွင့်မပြုခြင်းများ မလုပ်ကြရန်လည်း စည်းမျဥ်းအသစ်က တားမြစ်ထားသည်။

စားသောက်ဆိုင်များတွင် အပိုငွေပေးနေရခြင်းအပေါ် အိန္ဒိယ၌ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မနှစ်မြို့စရာအဖြစ် ရှုမြင်လာခဲ့ကြပြီး စားသုံးသူများက ထိုအပိုငွေနှင့်ပတ်သက်၍ ၎င်းတို့ကို အသိပေးထားခြင်းမရှိဟု ပြောဆိုကြသည်။

၂၀၁၇ ခုနှစ်တွင် အစိုးရ၏ စားသုံးသူရေးရာဌာနက စားသုံးသူများအနေဖြင့် စားသောက်ဖွယ်စာရင်းတွင် ဖော်ပြထားသော ဈေးနှုန်းအတိုင်းကိုသာ အစိုးရအခွန်နှင့်အတူ ပေးရမည်ဟု လမ်းညွှန်ချက်ထုတ်ခဲ့သည်။

ကြိုတင်အသိပေးထားခြင်းမရှိသော ဘောက်ဆူးငွေ သို့မဟုတ် အပိုငွေကို ပေးခြင်း မပေးခြင်းနှင့် ပတ်သက်၍ စားသုံးသူများက ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်နိုင်ကြောင်း စားသုံးသူရေးရာဌာနက ဆိုသည်။

ဘောက်ဆူးငွေ သို့မဟုတ် အပိုငွေအစား စားသောက်ဆိုင်များအနေဖြင့် ဝန်ထမ်းများကို သင့်တင့်မျှတသည့် လုပ်ခလစာပေးခြင်းနှင့် ကုန်ကျစရိတ်နှင့်အညီ အစားအသောက်ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ခြင်းတို့ ဆောင်ရွက်ကြရန် စားသုံးသူရေးရာဌာနက ၂၀၁၇ ခုနှစ်ကတည်းက တိုက်တွန်းခဲ့သည်။

သို့သော် စားသောက်ဆိုင်များကမူ ကျသင့်ငွေတွင် ဝန်ဆောင်ခကို ဆက်လက် ပေါင်းထည့်နေခဲ့ပြီး စားသုံးသူများကိုလည်း အသိပေးခြင်းမရှိဟု ဆိုသည်။ 

ပြီးခဲ့သည့်လအတွင်း အစိုးရက National Restaurant Association of India (NRAI) နှင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ထိုကိစ္စအပေါ် စားသုံးသူများထံမှ တိုင်ကြားပြောဆိုမှုများ မြင့်တက်လာကြောင်း ပြောခဲ့သည်။ 

စားသောက်ဆိုင်ပေါင်း ၅၀၀,၀၀၀ ကျော်ကို ကိုယ်စားပြုသည့် NRAI က ဝန်ဆောင်ခကောက်ခံမှုကို ကာကွယ်ခဲ့ပြီး အဆိုပါကိစ္စမှာ စားသောက်ဆိုင်တစ်ဆိုင်ချင်းစီ၏ မူဝါဒဖြစ်ကြောင်းနှင့် ထိုသို့ ကောက်ခံခြင်းမှာ တရားမဝင်လုပ်ရပ်မဟုတ်ဟု ဆိုသည်။

ထို့အတူ စားသောက်ဆိုင်များက စားသုံးသူထံမှ ကျသင့်ငွေအပေါ် အခွန်အခပေးဆောင်ကြရတာကြောင့် ဝန်ဆောင်ခကောက်ခံခြင်းဖြင့် အစိုးရအတွက်လည်း ဝင်ငွေပိုတိုးလာသည်ဟု NRAI က အငြင်းပွားခဲ့သည်။ 

ယခုအခါ စားသုံးသူအကာအကွယ်ပေးရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်သည့် စည်းမျဥ်းအသစ်အရ ဝန်ဆောင်ခကောက်ခံမှုကို မကျေနပ်သည့် စားသုံးသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် သို့မဟုတ် National Consumer Helpline သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

Source: BBC