တာချီလိတ်သို့ အလုပ် လုပ်လာမည့် အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသူ (၄)ဦး ကျိုင်းတုံ - မိုင်းခတ်လမ်းတွင် ဖမ်းမိ

 တာချီလိတ်သို့ အလုပ် လုပ်လာမည့် အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသူ (၄)ဦး ကျိုင်းတုံ - မိုင်းခတ်လမ်းတွင် ဖမ်းမိ

 အထူးဒေသ(၂) ပန်းဆန်းမြို့ကနေ တာချီလိတ်မြို့ရှိ KTV တစ်ခုတွင် အလုပ် လုပ်ရန်အတွက် တရားမဝင် ရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံသူ (၄)ဦးကို ကျိုင်းတုံ - မိုင်းခတ်လမ်းပေါ်တွင် ၎င်းတို့အား ခေါ်ဆောင်လာသူနှင့်အတူ ဇူလိုင်လ(၅)ရက်နေ့က ဖမ်းဆီးရမိကြောင်းသိရသည်။

ဖမ်းဆီးခံရသည့် ဗီယက်နမ်နိုင်ငံသူ (၄)ဦးမှာ အသက်(၁၈)နှစ်ကနေ အသက်(၂၇)နှစ်အထိ အရွယ်များဖြစ်ပြီး ၎င်းတို့သည် မြန်မာနိုင်ငံကို လာအိုနိုင်ငံကနေ တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာပြီးနောက် တာချီလိတ်မြို့ကနေတဆင့်  အထူးဒေသ(၂) ပန်းဆန်းမြို့ရှိ KTV တခုတွင် (၁)နှစ်ကျော်ကြာ အလုပ် လုပ်ခဲ့ကြောင်း သိရသည်။

ယခုအခါ တာချီလိတ်သို့ ပြန်လာပြီး အလုပ် လုပ်ရန်အတွက် လာစဉ် ကျိုင်းတုံ - မိုင်းခတ်လမ်းပေါ် မိုင်တိုင်အမှတ် (၁၅)အနီးရှိ နမ့်လွေချောင်း ဝန်းကျင်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။



တာချီလိတ်ခရိုင်အတွင်း တရားမဝင် နိုင်ငံခြားသား အများအပြားနေထိုင်လျက်ရှိသည်အနက် ပြီးခဲ့သည့်  ၂၀၂၂ခုနှစ် ဇွန်လ(၂၉)ရက်နေ့  ည(၇)နာရီဝန်းကျင်အချိန်က တာချီလိတ်ခရိုင် တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်း ပါဟုတ်ကျေးရွာအနီး တာချီလိတ် - ကျိုင်းတုံသွားကာလမ်းပေါ် အကွေ့တစ်နေရာတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသူ(၄)ဦးကို ဖမ်းမိခဲ့သေးပြီး အဆိုပါ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့နှင့်စစ်တပ်တို့ အပေးအယူရှိခဲ့သည်ဟု သိရသည်။



ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း တာချီလိတ်မြို့တွင် တရားမဝင်နိုင်ငံခြားသားများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နှင့် မလေးရှား စသည့် နိုင်ငံခြားသား များစွာရှိသည်အနက် အထောက်အထားမဲ့ တရုတ်နိုင်ငံသား အများအပြားရှိနေသော်လည်း ရဲတပ်ဖွဲ့ နှင့် စစ်တပ်အပါအဝင် လဝက တို့က ငွေကြေးရယူကာ အရေးယူခြင်းမရှိကြောင်းနှင့် ၎င်းတို့နှင့် အပေးအယူမတည့်သည့် နိုင်ငံခြားသားများကိုသာ အရေးယူသည်ဟုလည်း ဒေသခံများထံက သိရသည်။