တာချီလိတ်ရှိ နယ်စပ်ဝင်ပေါက်မှ တဆင့် တရုတ်နိုင်ငံသား (၄၀) ဦး ဝင်ရောက်လာ၊ ကျန်းမာရေးက စစ်ဆေးမှုများ ပြုလုပ်

တာချီလိတ်ရှိ နယ်စပ်ဝင်ပေါက်မှ တဆင့် တရုတ်နိုင်ငံသား (၄၀) ဦး ဝင်ရောက်လာ၊ ကျန်းမာရေးက စစ်ဆေးမှုများ ပြုလုပ်
ဇန်နဝါရီ 24, 2020
By Tachileik News Agency

တာချီလိတ်ရှိ နယ်စပ်ဝင်ပေါက်မှ တဆင့် တရုတ်နိုင်ငံသား (၄၀) ဦး  ဝင်ရောက်လာ၊ ကျန်းမာရေးက စစ်ဆေးမှုများ ပြုလုပ်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသား (၄၀) ဦးသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့  မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တစ်ဆင့် ဝင်ရောက်လာသည်။

အဆိုပါ ခရီးသွားအဖွဲ့သည် တရုတ်နိုင်ငံ ယူနန်မြို့မှတစ်ဆင့် လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်သန်းပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပြီး  တာချီလိတ်၊ နမ့်ဆန်၊ အင်းလေး၊ ပုဂံ၊ မန္တလေး၊ ရန်ကုန်၊ ဘားအံနှင့် မြဝတီလမ်းကြောင်းအတိုင်း (၁၃) ရက်ကြာ လည်ပတ်ကာ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၄၀) ဦးကို ကူးစက်တတ်သည့် ပြင်းထန် အဆုတ်ရောင် ရောဂါ ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ ဝူဟန်မြို့သို့ သွားလာဖူးခြင်း ရှိ၊ မရှိ၊ ပြင်းထန် အဆုတ်ရောင် ရောဂါပိုး ရှိ၊ မရှိကို တာချီလိတ်ခရိုင်ကျန်းမာရေးဌာနက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး နှာခေါင်းစည်းများ ဝေငှပေးခဲ့သည့် အပြင် ကိုယ်အပူချိန်မြင့်မားပြီး ဖျားနာမှုများဖြစ်ပါက နီးစပ်ရာဆေးရုံများတွင် ပြသနိုင်ရေး အသိပညာပေးမှုများ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ 

တရုတ်နိုင်ငံသား (၄၀) ဦး ပါဝင်သော ခရီးသွားအဖွဲ့ကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၄) တာချီလိတ်က မြန်မာနိုင်ငံအတွင်း လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ စိစစ်ဆောင်ရွက်ပေးသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~