ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်တွင်မထားရန် အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်တွင်မထားရန် အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို
By Mr John

 အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်တွင် ထိန်းသိမ်းထားခြင်းမပြုဘဲ မူလထားရှိသည့် နေအိမ်တွင် ပြန်လည်ထားရှိရန် စစ်အုပ်စုထံ တောင်းဆိုထားကြောင်း ယခုသီတင်းပတ်အတွင်း ၎င်း၏ ဒုတိယအကြိမ် မြန်မာခရီးစဥ်မတိုင်မီ ဇွန်လ (၂၇) ရက်နေ့တွင်  တောင်းဆိုလိုက်သည်။

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ၎င်း၏ (၂) ရက်ကြာ မြန်မာခရီးစဥ်အဖြစ် ဇွန်လ (၂၉) ရက်နှင့် (၃၀) ရက်တို့တွင် လာရောက်မည်ဖြစ်သည်။ 

အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သည့် အာဆီယံနှင့် စစ်အုပ်စု၏ ငြိမ်းချမ်းရေးကတိကဝတ် တစ်စိတ်တစ်ပိုင်းအဖြစ် အထူးကိုယ်စားလှယ် လာရောက်ခြင်းဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်သိမ်းပြီးနောက် ပြစ်မှုအရေအတွက် အနည်းဆုံး (၂၀) ဖြင့် စွပ်စွဲထားခဲ့သည်။

ထို့နောက် ဇွန်လ (၂၂) ရက်နေ့တွင် အသက် (၇၇) နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ထားရှိရာ တည်နေရာလျှို့ဝှက်ထားသော နေအိမ်မှ နေပြည်တော်အချုပ်ထောင်အတွင်း သီးသန့်တည်ဆောက်ထားသည့် အဆောင်တစ်ခုသို့ ရွှေ့ပြောင်းထိန်းသိမ်းလိုက်သည်။ 

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထိုသို့ အချုပ်ထောင်တွင် တစ်ဦးတည်း ချုပ်နှောင်ထားခြင်းမပြုရန် စစ်အုပ်စုထံ စာရေးသားတောင်းဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပုံမှန်ပြန်ဖြစ်ရေးနှင့် ငြိမ်းချမ်းသည့် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှုမှတစ်ဆင့် အမျိုးသားရင်ကြားစေ့ရေးတွင် ဒေါ်အောင်ဆန်းစုကြည်က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သူအဖြစ် နိုင်ငံတကာနှင့် ပြည်တွင်း၌ အများအပြားက မှတ်ယူထားကြကြောင်း ပရက်ဆော့ခွန်း၏ စာထဲတွင် ရေးသားထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။  

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်း၏ မတ်လအတွင်း ပထမအကြိမ် ခရီးစဥ်မှာ မအောင်မြင်သည့်ခရီးစဥ်အဖြစ် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။ 

ထိုခရီးစဥ်က စစ်အုပ်စုကို မျက်နှာသာပေးပြီး ၎င်းတို့ကို ဆန့်ကျင်သူများအား လစ်လျူရှုခဲ့ကြောင်း ဝေဖန်ခံခဲ့ရပြီး ထိုဝေဖန်မှုကို နားလည်ကြောင်း ပရက်ဆော့ခွန်းက ပြောခဲ့သည်။

တစ်ဖက်ကို ဖယ်ချန်ထားခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဥ် အောင်မြင်ရန် မဖြစ်နိုင်ကြောင်း ပရက်ဆော့ခွန်းက စစ်အုပ်စုထံ ရေးသားပေးပို့သည့် စာထဲတွင် ပြောထားသည်။ 

"ပဋိပက္ခက ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်" ဟုလည်း ပရက်ဆော့ခွန်းက ဆိုသည်။ 

၎င်း၏ ဒုတိယအကြိမ် မြန်မာခရီးစဥ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုရှိစေရေး သေချာစေရန် ပရက်ဆော့ခွန်းက ဆွေးနွေးတိုက်တွန်းမည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်ကို ကိုးကားပြီး Thai BPS သတင်းက ဇွန်လအစောပိုင်းတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် တက်ရောက်ခဲ့သည့် အာဆီယံအစည်းအဝေးတွင် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ 

အာဏာသိမ်း စစ်အုပ်စုက အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်လုံးကို အပြည့်အဝ အကောင်အထည်ဖော်ရန် အချိန်ဆွဲနေခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ ပထမအကြိမ် မြန်မာခရီးစဥ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် အာဏာသိမ်းခံရသည့် အရပ်သားအစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်မရခဲ့ပေ။

 အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က စစ်အုပ်စုကို စိတ်ပျက်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ Unity Government (NUG) ကို အသိအမှတ်ပြုရန် ခြေလှမ်းစလာခဲ့ကြသည်။ 

အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံက မကြာသေးမီက NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့သည်။

Source: Reuters