ထိုင်းနိုင်ငံက ဇွန်လမှစ၍ ပြည်ပခရီးသွားများထံမှ ခရီးသွားကြေး ဘတ် (၃၀၀) ကောက်ခံသွားမည်

ထိုင်းနိုင်ငံက ဇွန်လမှစ၍ ပြည်ပခရီးသွားများထံမှ ခရီးသွားကြေး ဘတ် (၃၀၀) ကောက်ခံသွားမည်
ဇန်နဝါရီ 12, 2023 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံက ဇွန်လမှစ၍ ပြည်ပခရီးသွားများထံမှ ခရီးသွားကြေး ဘတ် (၃၀၀) ကောက်ခံသွားမည်

ထိုင်းအစိုးရက ဇွန်လမှစ၍ နိုင်ငံကိုလာရောက်သည့် ပြည်ပခရီးသွားများထံမှ ဘတ် (၃၀၀) (အမေရိကန်ဒေါ်လာ ၉ ဒေါ်လာ) ကောက်ခံသွားရန် စီစဥ်ထားကြောင်း ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီး Phiphat Ratchakitprakarn က ‌ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ပြောသည်။ 

ထိုကောက်ခံရရှိငွေများကို မတော်တဆမှုများတွင် ပါဝင်ခဲ့သည့် ခရီးသွားများကို ကူညီရန်နှင့် ကမ္ဘာလှည့်ခရီးသွားနေရာများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးပြုသွားမည်ဟု ဆိုသည်။

"အလုပ် လုပ်ခွင့်ပါမစ်နဲ့ နယ်စပ်ဖြတ်ကျော်ခွင့်ကတ် ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေဆီကနေ ခရီးသွား အခကြေးငွေ ကောက်ခံသွားမှာ မဟုတ်ပါဘူး" ဟု ဝန်ကြီး Phiphat ကပြောသည်။ 

ထိုင်းနိုင်ငံကို ၂၀၂၃ ခုနှစ်အတွင်း ပြည်ပခရီးသွား (၂၅) သန်း ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ယမန်နှစ်ကမူ ပြည်ပခရီးသွားဝင်ရောက်မှု (၁၁.၈) သန်းရှိခဲ့ကြောင်းလည်း ဝန်ကြီးက ဆိုသည်။

ပြည်ပခရီးသွားများထံမှ ခရီးသွား အခကြေးငွေ ကောက်ခံမည့် အဆိုပြုမှုကို ယမန်နှစ်အတွင်း ပထမဆုံး စဥ်းစားခဲ့ကြောင်းနှင့် အစိုးရအဖွဲ့ အတည်ပြုမှုအရဖြစ်ကြောင်း သိရသည်။ 

အရှေ့တောင်အာရှ၏ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းမှာ အရေးပါပြီး COVID ကပ်ရောဂါ မဖြစ်ပွားမီက ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP (gross domestic product) ၏ (၁၂) ရာခိုင်နှုန်းခန့်မှာ ခရီးသွားလုပ်ငန်းမှ ဖြစ်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း ခရီးသွားများ ငွေကြေးသုံးစွဲမှုမှာ အနည်းဆုံး ဘတ် (၂.၃၈) ထရီလီယံ ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်ဟုလည်း ဝန်ကြီး Phiphat က ပြောသည်။ 

၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံသား (၁၁) သန်းကျော် အပါအဝင် ပြည်ပခရီးသွားဝင်ရောက်မှု သန်း (၄၀) အထိရှိခဲ့ပြိး စံချိန်တင် အများဆုံးဖြစ်ခဲ့ကြေင်း သိရသည်။

Source: Bangkok Post