မြန်မာနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် COVID-19 လူနာအရေအတွက်နှင့် သေဆုံးမှုများ မြင့်တက်နေ

ရောဂါထိန်းချုပ်ရေးဌာန အထွေထွေညွှန်ကြားရေးမှူး Opas Karnkawinpong
ရောဂါထိန်းချုပ်ရေးဌာန အထွေထွေညွှန်ကြားရေးမှူး Opas Karnkawinpong
မြန်မာနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံတွင် COVID-19 လူနာအရေအတွက်နှင့် သေဆုံးမှုများ မြင့်တက်နေ
By Mr John

 

ထိုင်းနိုင်ငံတွင် အသက်ရှူစက်တပ်ထားရသော ရောဂါပြင်းထန် COVID-19 လူနာအရေအတွက်နှင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်နွယ်သည့် သေဆုံးမှုများ နှစ်ခုလုံး မြင့်တက်နေကြောင်း ရောဂါထိန်းချုပ်ရေးဌာနက ဇူလိုင်လ (၁၈) ရက်နေ့၌ ပြောသည်။ 

ရောဂါထိန်းချုပ်ရေးဌာန အထွေထွေညွှန်ကြားရေးမှူး Opas Karnkawinpong ၏ ပြောကြားမှုအရ ရောဂါပြင်းထန်သည့် လူနာအများစုနှင့် သေဆုံးမှုအများစုမှာ ဘန်ကောက်မြို့တော်ဧရိယာအတွင်းနှင့် အဓိက ပြည်နယ်များတွင်ဖြစ်ကြောင်း သိရသည်။

အသက်ရှူစက်တပ်ထားရသော ပျမ်းမျှ လူနာအရေအတွက်မှာ ဇူလိုင်လ (၅) ရက်တွင် (၃၀၀) မှ ဇူလိုင်လ (၁၇) ရက်နေ့တွင် (၃၆၉) ဦး ဖြစ်လာခဲ့ကြောင်းနှင့် ပျမ်းမျှ နေ့စဥ်သေဆုံးမှု အရေအတွက်မှာလည်း (၁၆) ဦးမှ (၂၁) ဦးသို့ မြင့်တက်လာခဲ့သည်။ 

အဆိုပါ ပျမ်းမျှအရေအတွက်များမှာ (၁၄) ရက်အတွင်း ကောက်ယူထားသည့် အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။

"ဘန်ကောက်မြို့တော်ဧရိယာက လူတွေ သူတို့ရဲ့နေရပ် ပြည်နယ်တွေဆီ ပြန်သွားခဲ့ကြချိန် အဲဒီမှာ အခု ကူးစက်မှုတွေ မြင့်တက်လာနိုင်ပါတယ်။ လတ်တလော အားလပ်ရက်ရှည်အပြီး အခြေအနေကို ကျနော်တို့ စောင့်ကြည့်နေပါတယ်" ဟု ဒေါက်တာ Opas က ပြောသည်။ 

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဗုဒ္ဓဘာသာရေး အစိုးရရုံးပိတ်ရက်များဖြစ်သည့် ဇူလိုင်လ (၁၃) ရက်၊ (၁၄) ရက်တို့နှင့် အထူးအားလပ်ရပ်အဖြစ် သတ်မှတ်ပေးသော ဇူလိုင်လ (၁၅) ရက် တဆက်တည်းဖြစ်ပြီးနောက် သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေရက် ပိတ်ရက်များနှင့်လည်း ဆက်သွားခဲ့သည်။

သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိပြီး တတိယမြောက် COVID-19 ကာကွယ်ဆေးကို လွန်ခဲ့သည့် (၃) လကျော်တွင် ထိုးခဲ့သူများကြား သေဆုံးမှုပိုများကြောင်း ဒေါက်တာ Opas က ဆိုသည်။ 

"ထိခိုက်လွယ်တဲ့အုပ်စုတွေ ကုသမှုခံယူဖို့က သေဆုံးမှုလျှော့ချရေးမှာ အဓိကကျပါတယ်" ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် ကျန်းမာရေးစနစ်က ရောဂါပြင်းထန်သည့် လူနာများအားလုံးကို ကုသပေးနိုင်နေဆဲဖြစ်ကြောင်းလည်း ဒေါက်တာ Opas က ဆိုသည်။

အအေးမိဖျားနာခြင်းကဲ့သို့ ရောဂါလက္ခဏာများရှိသူများအနေဖြင့် COVID-19 အမြန်စစ်ဆေးမှု atigen test ပြုလုပ်ကြရန် ၎င်းက အကြံပြုခဲ့သည်။ 

ထိုရောဂါလက္ခဏာများမှာ ထုံးစံအားဖြင့် အိုမီခရွန်ဗိုင်းရပ်စ်၏ ထပ်ဆင့်မျိုးကွဲများဖြစ်သော BA.4 နှင့် BA.5 တို့ ကူးစက်ခံရမှု လက္ခဏာများဖြစ်သည်ဟု ဆိုသည်။ 

BA.4 နှင့် BA.5 ကူးစက်ခံရပါက အထူးသဖြင့် လည်ချောင်းနာခြင်း၊ လည်ချောင်းယားယံခြင်းနှင့် ကြွက်သားနှင့်ခန္ဓာကိုယ် ကိုက်ခဲခြင်းတို့ ခံစားရကြောင်း ဒေါက်တာ Opas က ရှင်းပြခဲ့သည်။

ကမ္ဘာတဝန်း အထူးသဖြင့် ဥရောပနှင့် အမေရိကတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေခဲ့သော်လည်း ကူးစက်မှုအရှိန်မှာ တည်ငြိမ်စပြုလာကြောင်း ၎င်းကဆိုသည်။ ကူးစက်မှုအသစ်များမှာ အိမ်နီးချင်းနိုင်ငံများတွင်လည်း မြင့်တက်နေကြောင်း၊ သို့သော် သေဆုံးမှုနှုန်များ မြင့်တက်ခြင်းမရှိကြောင်း ဒေါက်တာ Opas က ပြောသည်။ 

ထိုင်းနိုင်ငံတွင် ဇူလိုင်လ (၁၇) ရက် စာရင်းများအရ COVID-19 ကြောင့် သေဆုံးသူ (၁၇) ဦးရှိခဲ့ပြီး ဆေးရုံတက်ရသည့် လူနာအသစ် (၁,၈၁၄) ဦးရှိခဲ့ကြောင်း သိရသည်။

Source: Bangkok Post