ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်တပ်က ကျေးရွာများအတွင်း ထောင်ထားခဲ့သည့်မိုင်းများကို KNDF က ရှင်းလင်း

ဒီးမော့ဆိုတွင် အာဏာသိမ်းစစ်တပ်က ကျေးရွာများအတွင်း ထောင်ထားခဲ့သည့်မိုင်းများကို KNDF က ရှင်းလင်း
ဇွန် 22, 2022 | ကယား
By Tachileik News Agency

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြိုနယ်၊ ဥခူးရီကျေးရွာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များက ထောင်ထားခဲ့သည့် မိုင်းများကိုတွေ့ရှိ၍ ၂၀၂၂ ခုနှစ် ဇွန်လ(၂၁)ရက်နေ့တွင် တွေ့ရသဖြင့် KA ၊ KNDF B 5 ပူးပေါင်းအဖွဲ့က ရှင်းလင်းဖယ်ရှားထားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များ၊ ရေတွင်းများနှင့် ကျေးရွာလမ်းများအနီးတွင် မိုင်းထောင်ထားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လက်လုပ်မိုင်းအမျိုးအစား (၁၈)လုံးကို  ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်တွင်း ၎င်းတို့ရောက်ရှိရာ ကျေးရွာများတွင် မြေမြှပ်မိုင်းများ ထောင်ထားခဲ့လေ့ရှိသဖြင့် ၎င်းတို့ကျေးရွာမှ ထွက်သွားချိန်တွင် တိမ်းရှောင်နေသည့် ဒေသခံများချက်ချင်းဝင်ရောက်ခြင်းမပြုကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြသည်ကို တွေ့ရပြီး ကျေးရွာလူနေရပ်ကွက်များအတွင်းမှ မိုင်းရှင်းလင်းခြင်းကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက လုပ်ဆောင်ပေးနေကြသည်ကို တွေ့ရသည်။

 နိုင်ငံ့အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းနေသည့် အာဏာသိမ်းစစ်တပ်က ၎င်းတို့စစ်ကြောင်းထိုးရာဒေသများတွင် လူနေအိမ်များအား မီးရှို့ခြင်း၊ လူနေရပ်ကွက်များတွင် မိုင်းထောင်ခြင်းများကိုလည်း လုပ်နေကြခြင်းဖြစ်သည်။