ဘောလခဲမြို့နယ်အတွင်း နန်းဖဲကျေးရွာအနီး တိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်နေရပြီး အကူညီများ လိုအပ်နေ

ဘောလခဲမြို့နယ်အတွင်း နန်းဖဲကျေးရွာအနီး တိုက်ပွဲကြောင့် ဒေသခံများ စစ်ရှောင်နေရပြီး အကူညီများ လိုအပ်နေ
ဇူလိုင် 19, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲမြို့နယ် နှင့် ဖရူဆိုမြို့နယ်အကြား တိုက်ပွဲများကြောင့် ဒေသခံများမှ ကျေးရွာများအား စွန့်ခွာ၍ စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။ 

 

မနေ့ည ကတည်းက တောတွေထဲ ပြေးလာရတာပေါ့။ တစ်ဖြေးဖြေး သွားနေရတယ်။ အခု ရှောင်လို့ အဆင်ပြေနိုင်တဲ့နေရာနား ရောက်ပြီး နေရာ ချတာတွေဘာတွေ လုပ်နေတယ်။ အကုန်လုံးက သယ်နိုင်သလောက်ပဲ သယ်ပြီး ပြေးလာကြရတာဆိုတော့ လိုအပ်တာတွေက အများကြီးပါပဲ။ သက်ကြီးရွယ်အိုတွေလည်း ပါလတယ်။ စစ်တပ်က မဆုပ်တော့ ရွာလည်း မပြန်ရဲကြဘူး။

ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ဇူလိုင်လ(၁၉)ရက်နေ့တွင် ပြောသည်။ 

ဇူလိုင်လ (၁၈)ရက်နေ့ ညနေပိုင်းက  ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ နှင့် ကလိလျား ကျေးရွာကြားတွင်  စစ်ကောင်စီတပ်နှင့်  ကရင်နီတပ်မတော် (KA)နှင့် KNDF ပူးပေါင်း တပ်တို့ နာရီဝက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်များမှ လက်နက်ကြီးတွေ လိုက်လံ ပစ်ခတ်ခဲ့သောကြောင့် အနီးအနားရှိ ကျေးရွာ(၆)ရွာခန့်မှ ဒေသခံများ  ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။ 

ဘောလခဲမြို့နယ်ထဲမှ နန်းဖဲကျေးရွာ၊ ကလိလျားကျေးရွာ အပါအဝင် ဖရူဆိုမြို့နယ်ထဲမှ ကျေးရွာအချို့ မှာ လည်း အဆိုပါ တိုက်ပွဲများကြောင့် တိမ်းရှောင်​နေရပြီး လက်ရှိတွင် မိုးတွင်းကာလဖြစ်သလို ယာယီနေထိုင်နိုင်ရေးအတွက် တည်ဆောက်ရေးများ လုပ်ကိုင်ရန် မိုးကာများ ၊ စောင်၊ ခြင်ထောင်များ ၊ စားနပ်ရိက္ခာ ဆေးဝါးများနှင့် အမျိုးသမီး လစဥ်သုံးပစ္စည်းများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ဒေသခံများက ပြောသည်။

အခုက လာလို့အဆင်ပြေလာတော့ မသိဘူးပေါ့လေ ။ အရမ်းဒုက္ခရောက်တယ်။ အခုလိုတာက မိုးကာ ၊ ခြင်ထောင် ၊ စောင် ၊ စားနပ်ရိက္ခာ နဲ့ အမျိုးသမီးလစဥ်သုံးတွေ အရေးပေါ်လိုနေပါတယ်။ ကူညီနိုင်မယ့် သူတွေ ကူညီပေးစေလိုပါတယ်။ ဒီနေ့လည်း လက်နက်ကြီးတွေ ပစ်တာဆိုတော့ လန့်တယ်ပေါ့နော်။ ရွာပြန်လို့မဖြစ်တော့ဘူးပေါ့။ အခု တောထဲမှာပဲ တိမ်းရှောင်ရင်း နေဖို့ပြင်ဆင်နေကြရတယ်။ တစ်နေကုန် လမ်းလျှောက်ပြေးလာရတာပေါ့။

ဟု စစ်ရှောင်တစ်ဦးက ပြောသည်။ 

လက်ရှိတွင် ဘောလခဲမြို့နယ် နှင့် ဖရူဆို့မြို့နယ်အကြားတိုက်ပွဲများကြောင့်  စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ရှောင်အရေအတွက် မသိရသေးသော်လည်း ကျေးရွာ (၆)ရွာခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။ 



ဇူလိုင်လ(၁၈)ရက်နေ့တွင် နန်းဖဲကျေးရွာအနီး တပ်စွဲထားသော အင်အား (၂၀၀)ခန့်ပါဝင်သည့် စစ်ကောင်စီတပ်မ (၆၆)မှာ ညနေပိုင်းတွင် KNPP၏ ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဖရူဆိုမြို့နယ် တော်ခူရွာသစ်ဖက်သို့ ထိုးစစ်ဆင်ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ခဲ့သောကြောင့် ကလိလျားကျေးရွာအနီး ကရင်နီတပ်မတော် (KA)နှင့် KNDF အဖွဲ့တို့မှ ပူးပေါင်း၍ ခုခံပစ်ခတ်ခဲ့ပြီး တိုက်ပွဲ (၂)ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ သတင်းထုတ်ပြန် ထားသည်။ 

ဇူလိုင်လ(၁၉)ရက်နေ့ မနက်ပိုင်းတွင်လည်း ကလိလျားကျေးရွာအနီး တပ်ချထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ကျေးရွာများဖက်သို့ တစ်ဖက်သတ် ပစ်ခတ်ခဲ့သလို ဘောလခဲမြို့ အခြေစိုက် စစ်ကောင်စီတပ်တစ်ခုမှလည်း နံနက် (၁၁)နာရီချိန်ခန့်မှစ၍ နန်းဖဲကျေးရွာဖက်သို့ အမြှောက်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ပြီး စစ်အင်အားတိုးချဲ့ခြင်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။ 

ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်အကြား ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်များမှ တပ်စွဲ၍ ထိုးစစ်ဆင်မှုများ ပြုလုပ်နေသလို စစ်အင်အားတိုးချဲ့ခြင်းများပါ ထပ်မံလုပ်​ဆောင်နေ သောကြောင့် တိုက်ပွဲများ ဆက်တိုက်ထပ်မံ ဖြစ်ပွားလာနိုင်ပြီး စစ်ရှောင်ကျေးရွာများလည်း တိုးလာနိုင်ကြောင်း ဒေသခံစစ်ရှောင်များက ထံက သိရသည်။

#TachileikNewsAgency