အိမ်စာမလုပ်၍ မိခင်၏ ဆူပူမှုဒဏ်ကို မခံနိုင်သည့် (၁၀)နှစ်သားလေးက ၎င်းကို မိဘမဲ့ ဂေဟာသို့ ပို့ပေးရန် ရဲစခန်းသို့ သွားရောက်ပြီး အကူအညီတောင်းခံ

အိမ်စာမလုပ်၍ မိခင်၏ ဆူပူမှုဒဏ်ကို မခံနိုင်သည့် (၁၀)နှစ်သားလေးက ၎င်းကို မိဘမဲ့ ဂေဟာသို့ ပို့ပေးရန် ရဲစခန်းသို့ သွားရောက်ပြီး အကူအညီတောင်းခံ
သြဂုတ် 30, 2023 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံတွင် ကျောင်းကပေးလိုက်သည့်အိမ်စာ မပြီးသည့်ကိစ္စ မိခင်ဖြစ်သူနှင့် စကားများခဲ့သူ (၁၀) နှစ်သား ကောင်လေးတစ်ဦးက အိမ်မှထွက်ပြေးပြီး ရဲစခန်းသို့ သွားရောက်ကာ ၎င်းကို မိဘမဲ့ကလေးများဂေဟာသို့ ပို့ပေးရန် အကူအညီတောင်းခဲ့ကြောင်း သိရသည်။ 

ချုံကင်းမြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ကို့ရို့ကားယားနိုင်သော ဖြစ်ရပ်ကို တရုတ်မီဒီယာက မကြာသေးမီအတွင်း ဖော်ပြခဲ့သည်။

Yubei ခရိုင်ရှိ Huixing ရဲစခန်းအတွင်းသို့ ကောင်လေးတစ်ဦး ပြေးဝင်လာခဲ့ပြီး ရဲတပ်ဖွဲ့ဝင် (၂) ဦးက ၎င်းကို ဖျောင်းဖျနှစ်သိမ့်နေသည်ကို ရဲစခန်း CCTV မှတ်တမ်းဗီဒီယိုတွင် တွေ့ရသည်။ 

အိမ်စာမပြီးမှုအတွက် မိခင်၏ အပြစ်ပြောဆိုမှုကို ခံနေခဲ့ရကြောင်း၊ ထို့ကြောင့် မိဘမဲ့ဂေဟာတွင် သွားရောက်နေထိုင်ရန် အိမ်မှထွက်လာခဲ့ကြောင်း (၁၀) နှစ်သား ကောင်လေးက ရဲတပ်ဖွဲ့ဝင်များကို ပြောခဲ့သည်။

"အမေက အိမ်စာ မလုပ်လို့ဆိုပြီး နေ့တိုင်း ဆူပူကြိမ်းမောင်းနေတာပဲ။ နေ့တိုင်း စာလုပ်ဖို့ နားပူအောင် ပြောနေတယ်။ အိမ်မှာနေမယ့်အစား ကျွန်တော် မိဘမဲ့ဂေဟာမှာပဲ သွားနေချင်တော့တယ်" ဟု (၁၀) နှစ်သားလေးက ရဲစခန်းတွင် မကျေမနပ် ပြောဆိုသည်။ 

ရဲအရာရှိများက ချော့မော့ ဖျောင်းဖျနှစ်သိမ့်ပေးခဲ့ပြီးနောက် ကောင်လေးက ၎င်း၏မိဘများကို ဆက်သွယ်ရန် အချက်အလက်ပေးလာရာ  ၎င်း၏မိဘများကို အိမ်ပြန်ခေါ်သွားနိုင်ရန် ဆက်သွယ်ခဲ့သည်။  

ရဲတပ်ဖွဲ့က ၎င်း၏မိခင်ကို မေးမြန်းရာတွင် အိမ်စာမပြီးသည့်ကိစ္စ စကားများခဲ့ကြကြောင်း အတည်ပြုခဲ့သော်လည်း ထိုကိစ္စကြောင့် သားဖြစ်သူက မိဘမဲ့ဂေဟာတွင် သွားရောက်နေထိုင်ရန် အိမ်မှထွက်ပြေးလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးကြောင်း မိခင်က ပြောသည်။

ယခုအခါ (၁၀) နှစ်သားလေးက အိမ်ပြန်ရန် စိတ်မပါဖြစ်နေခဲ့သော်လည်း ရဲအရာရှိများက ချော့မော့ပြီး မိဘများထံ ပြန်အပ်နှံနိုင်ခဲ့ကြကြောင်း သိရသည်။

 

Source: Pulse