ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအဖြစ် စိုက်ပျိုး ရောင်းဝယ် တရားဝင်ခွင့်ပြုမှု စတင်

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအဖြစ် စိုက်ပျိုး ရောင်းဝယ် တရားဝင်ခွင့်ပြုမှု စတင်
By Mr John

ထိုင်းနိုင်ငံတွင် ဆေးဘက်ဆိုင်ရာသုံးအဖြစ် ဆေးခြောက်ပင် စိုက်ပျိုးခြင်းနှင့် ရောင်းဝယ်ခြင်းကို တရားဝင်ခွင့်ပြုသည့် စည်းမျဥ်းအသစ် ဇွန်လ (၉) ရက်နေ့ကစပြီး စတင်သက်ရောက်ပြီ ဖြစ်သည်။ 

ထိုင်းအစိုးရက ဆေးခြောက်ကို တားမြစ်ထားသည့် မူးယစ်ဆေးဝါးစာရင်းမှ ဖယ်ရှားလိုက်ပြီဖြစ်ရာ ယခုအခါ ထိုင်းပြည်သူများအနေဖြင့် နေအိမ်တွင် ဆေးခြောက်ပင်စိုက်ပျိုးနိုင်၊ ရောင်းချနိုင်ပြီဟု သိရသည်။

ထိုင်းအစိုးရက နေအိမ်၌ ဆေးခြောက်ပင် စိုက်ပျိုးခွင့်ပြုသည့် စည်းမျဥ်းသစ်အထိမ်းအမှတ်အဖြစ် ဇွန်လအတွင်း ဆေးခြောက်ပင် တစ်သန်းကို နိုင်ငံတဝန်း အိမ်ထောင်စုများထံ အခမဲ့ ဖြန့်ဝေပေးထားသည်။ 

ဆေးခြောက်ကို ဝင်ငွေရ စိုက်ပျိုးသီးနှံတစ်ခုအဖြစ် အားပေးရန် ထိုင်းအစိုးရက စီစဥ်ဆောင်ရွက်နေသည်။ ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ထိုင်းနိုင်ငံ၏ လုပ်သားအင်အား သုံးပုံတစ်ပုံခန့်က စိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

စည်းမျဥ်းအသစ်အရ ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများထံ စာရင်းပေးသွင်းထားပါက အိမ်ထောင်စုတစ်ခုလျှင် ဆေးခြောက်ပင် (၆) ပင်အထိ စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့်လည်း ခွင့်ပြုချက်ရယူပြီး ဆေးခြောက်စိုက်ခင်း တည်ထောင်နိုင်မည်ဖြစ်သည်။

 စားသောက်ဆိုင်များတွင် ဆေးခြောက်ထည့်ထားသည့် ဟင်းလျာများနှင့် သောက်စရာများကိုလည်း မှာယူစားသောက်နိုင်ပြီဟု ဆိုသည်။

တင်းကျပ်သည့် မူးယစ်ဆေးဝါးဥပဒေများ ပြဌာန်းသတ်မှတ်ထားသော အရှေ့တောင်အာရှတွင် ထိုင်းက ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအဖြစ် တရားဝင်ခွင့်ပြုလိုက်သည် ပထမဆုံးနိုင်ငံလည်း ဖြစ်လာသည်။ 

သို့သော် ဆေးခြောက်ကို အပန်းဖြေသုံးအဖြစ် အသုံးပြုခြင်းကိုမူ တားမြစ်ပိတ်ပင်ထားဆဲဖြစ်ပြီး လူမြင်ကွင်းတွင် ဆေးခြောက်ဆေးလိပ်သောက်ခြင်း တွေ့ရှိပါက ဖမ်းဆီးခံရမည်ဟု ဆိုသည်။ 

ထိုင်းအစိုးရက ပြည်တွင်းဆေးခြောက်ရောင်းဝယ်မှု ဖွံ့ဖြိုးလာခြင်းက စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးမည်ဟု မျှော်လင့်ထားသည်။

ဆေးဘက်ဆိုင်ရာသုံးအတွက် ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးလိုက်ခြင်းဖြင့် ပြည်သူလူထုနဲ့ အစိုးရအတွက် ဆေးခြောက်ကနေ တစ်နှစ်လျှင် ဘတ်ငွေ (၁၀) ဘီလီယံကျော် ရရှိလာမည်ဟု ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က မေလအတွင်း Facebook တွင် ပြောခဲ့သည်။ 

ထိုင်းနိုင်ငံက ၂၀၁၈ ခုနှစ်အတွင်းကလည်း ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ သုတေသနနှင့် အသုံးပြုမှုတို့အတွက် တရားဝင်ခွင့်ပြုခဲ့သည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံလည်း ဖြစ်ခဲ့သည်။

ထိုင်းအစိုးရက ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအဖြစ် တရားဝင်ခွင့်ပြုမှု စတင်သက်ရောက်သည့် ဇွန်လ (၉) ရက်နေ့တွင် နိုင်ငံတဝန်းရှိ အကျဥ်းထောင်များတွင် ဆေးခြောက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် အကျဥ်းသား (၄,၂၀၀) ကျော်ကို ပြန်လွှတ်ပေးလိုက်ကြောင်းလည်း သိရသည်။ 

သို့သော် ဆေးခြောက်မှုအပြင် အခြားပြစ်မှုများဖြင့်ပါ ပြစ်ဒဏ်ကျခံနေရသူများကိုတော့ ပြန်လွှတ်မပေးဟု ဆိုသည်။

Source: BBC, Bangkok Post