အမေရိကန်တွင် အိမ်တွင်းအကြမ်းဖက်သူကို သွားရောက်ဖမ်းဆီးစဥ် ပစ်ခတ်မှုဖြစ်ပြီး ရဲအရာရှိ (၃) ဦး နှင့် ရဲခွေး သေဆုံး

သေဆုံးသွားသည့် ရဲ(၃)ဦး နှင့် တရားခံပုံ [ Photo: nypost.com ]
သေဆုံးသွားသည့် ရဲ(၃)ဦး နှင့် တရားခံပုံ [ Photo: nypost.com ]
အမေရိကန်တွင် အိမ်တွင်းအကြမ်းဖက်သူကို သွားရောက်ဖမ်းဆီးစဥ် ပစ်ခတ်မှုဖြစ်ပြီး ရဲအရာရှိ (၃) ဦး နှင့် ရဲခွေး သေဆုံး
ဇူလိုင် 4, 2022 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ်တွင် အိမ်တွင်းအကြမ်းဖက်မှုဖြင့် စွပ်စွဲခံရသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရန်ကြိုးပမ်းစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲအရာရှိ (၃) ဦး သေဆုံးခဲ့သည်။ 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အသက် (၄၉) နှစ်အရွယ် သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း နှင့် ရဲအရာရှိများမှာ ထိုအမျိုးသား၏ နေအိမ်ကိုရောက်ရှိစဥ် တကယ့်ငရဲနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း Floyd ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ John Hunt က ပြောခဲ့သည်။

ကင်တက်ကီပြည်နယ် အရှေ့ပိုင်း တောင်တန်းထူထပ်ရာနယ်မြေတစ်ခုရှိ လူဦးရေ (၁၆၆)ဦးသာရှိသော Allen မြို့ငယ်လေးတွင် ဖြစ်ပွားခဲ့သည့် ထိုပစ်ခတ်မှုအတွင်း အခြား လူ (၄) ဦးလည်း ဒဏ်ရာရခဲ့သည်။ 

ဇူလိုင်လ(၂) ရက်နေ့ ဒေသစံတော်ချိန် ည (၇) နာရီမတိုင်မီက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ရဲအရာရှိများမှာ Ralph Frasure ၊ William Petry နှင့် ရဲတပ်ဖွဲ့ခွေးကို လေ့ကျင့်ထိန်းကျောင်းသူ Jacob Chaffins တို့ ဖြစ်ကြသည်။ 

ထို့အတူ Jacob Chaffins ထိန်းကျောင်းသော ရဲတပ်ဖွဲ့ခွေးများအနက်မှ K9 Dragon ဟု အမည်ပေးထားသည့် ခွေးလည်း သေဆုံးခဲ့သည်။

ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဗိုလ်ကြီး Ralph Frasure မှာ ကင်တက်ကီပြည်နယ် Prestonsburg မြို့ ရဲတပ်ဖွဲ့တွင် (၃၉) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၎င်းသည် နောက်ဆုံးစက္ကန့်အထိ ဂုဏ်သိက္ခာရှိရှိ နာမည်ကောင်းဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

 

အပြန်အလှန် ပစ်ခတ်မှုသည် (၃) နာရီနီးပါး ကြာခဲ့ကြောင်းနှင့် မိသားစုဝင်များက ပါဝင်ညှိနှိုင်းခဲ့ပြီးနောက် သံသရှိသူ Lance Storz ကို ဖမ်းဆီးရမိခဲ့သည်။ 

၎င်းကို ရဲအရာရှိတစ်ဦးအား သတ်ဖြတ်မှု စွဲချက် (၂) ခု၊ ရဲအရာရှိတစ်ဦးကို သတ်ဖြတ်ရန်ကြိုးပမ်းမှု စွဲချက် (၅) ခု၊ လူသတ်ရန်ကြိုးပမ်းမှု စွဲချက် (၁) ခုနှင့် တာဝန်ထမ်းဆောင်နေသော တိရိစ္ဆာန်တစ်ကောင်ကို တိုက်ခိုက်မှု ပထမဒီကရီစွဲချက် (၁) ခုတို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

Source: BBC