တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်အကြား ဇွန်လ(၈)ရက်နေ့  တစ်နေ့တာအတွင်း ငလျင် (၃၂)ကြိမ် လှုပ်ခတ်သွား

တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်အကြား ဇွန်လ(၈)ရက်နေ့  တစ်နေ့တာအတွင်း ငလျင် (၃၂)ကြိမ် လှုပ်ခတ်သွား
ဇွန် 8, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အကြား ဇွန်လ(၈)ရက်နေ့ အကူးပိုင်းအချိန်ကစပြီး ည(၁၀)နာရီ​(၄၇)မိနစ် (၅၃)စက္ကန့်အချိန်အထိ အလတ်စား နှင့် အသေးစား ငလျင်ပေါင်း (၃၂)ကြိမ် လှုပ်ခတ်ခဲ့ပြီး ယခုသတင်း ရေးသားနေချိန်အထိ အသေးစား ငလျင်လှုပ်ခတ်မှုများ (၁၀)မိနစ်ဝန်းကျင်အကြာ တစ်ကြိမ် ဖြစ်ပေါ်နေသည်ကို  အချိန်နှင့်တပြေးညီ ဖော်ပြနေသည့် ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်မှုများအရ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း  ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အကြား ယနေ့  ၂၀၂၂ခုနှစ် ဇွန်လ(၈)ရက်နေ့အကူး (၀၀)နာရီ​(၂)မိနစ် (၈)စက္ကန့်အချိန်က စပြီး ငလျင်အင်အား ရစ်ချ်စတာစကေး အဆင့်(၂.၁)ရှိ အသေးစား ငလျင် လှုပ်ခတ်ခဲ့ရာကနေ (၅.၀)အဆင့်ထိ လှုပ်ခတ်သွားခဲ့ပြီး ညပိုင်းများတွင် အသေးစား ငလျင်များမှာ ည(၁၀)နာရီ​(၄၇)မိနစ် (၅၃)စက္ကန့်အချိန်အထိ လှုပ်ခတ်နေခြင်း ဖြစ်သည်။

ငလျင်လှုပ်ခတ်သည့် နေရာမှာ အဓိက အားဖြင့် ကျိုင်းတုံခရိုင်ဧရိယာအတွင်း၌ အများဆုံးဖြစ်ပြီး တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်း၌လည်း လှုပ်ခတ်သွားခဲ့သည်။

အများအားဖြင့် ငလျင်များမှာ အသေးစားငလျင်များဖြစ်၍ သိပ်မသိသာသော်လည်း တနေ့တည်း အကြိမ်ပေါင်း (၃၀)ကျော်လှုပ်ခတ်သည့်အတွက် သတိထားစရာ ဖြစ်သည်ဟု တာလေငလျင်ဒဏ်ကို ခံစားခဲ့ရသည့် တာလေဒေသခံ တစ်ဦးက ဆိုသည်။

လှုပ်ခတ်သွားသည့်ငလျင်များအနက်   နံနက်(၉)နာရီ (၅၆)မိနစ် (၂၉)စက္ကန့်အချိန်က လှုပ်ခတ်သွားသည့် ရစ်ချ်စတာစကေး အဆင့်(၅.၀)ရှိ ငလျင်၏ လှုပ်ခတ်မှုကို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ နှင့် တာချီလိတ်မြို့တို့အထိ လှုပ်ခတ်သွားခဲ့သည်ဟု သိရသည်။