Covid-19 ပြန်လည် ကူးစက်မှုများပြားနေသည့် ကာလအတွင်း ဟိုပုံးမြို့တွင်  ဘုန်ကြီးမွေးနေ့ပွဲကို လူအမြောက်အများဖြင့် ကျင်းပ 

Covid-19 ပြန်လည် ကူးစက်မှုများပြားနေသည့် ကာလအတွင်း ဟိုပုံးမြို့တွင်  ဘုန်ကြီးမွေးနေ့ပွဲကို လူအမြောက်အများဖြင့် ကျင်းပ 
ဇွန် 24, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်း၊ ပအိုးဝ်ကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၏ တောင်ဘက် ဟိုပုံး - လွိုင်ကော်သွားလမ်း၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ ဒက္ခိဏရာမ ဘန့်ကွန်ကျောင်းတိုက်တွင် ဆရာတော်၏ မွေးနေ့ပွဲကို လူအမြောက်အများဖြင့် ဖျော်ဖြေပွဲပါ ထည့်သွင်းကျင်းပနေသည့်အတွက် Covid-19 ကူးစက်မှု များပြားလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

"Covid-19 ဖြစ်ပွားနေချိန် ခုလို ပွဲလမ်းသဘင်တွေကို ဘုန်းကြီးက အစ စောင့်ထိန်းရမှာကို အခုက ဦးဆောင်လုပ်နေတာ။ ပြောရတာလည်း မကောင်းပါဘူး၊ ဒါပေမဲ့လည်း ဒေသအတွက်တော့ ပြောစရာရှိတာ ပြောရမှာပဲ။ မြို့က လူငယ်တွေကတော့ အခုလို Covid-19 ကာလမှာ ဒီလို လုပ်တာကို သဘောမကျဘူးဗျ။ အခု လာသမျှက Maskလည်း မတပ်ဘူး။ ပြီးတော့ ဆိုင်ခန်းတွေနဲ့ အရက် ဘီယာတွေလည်း ရောင်းနေတာ။ နောက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီကို  တွန်းလှန်နေတဲ့အချိန် ခုလိုပျော်ပွဲရွှင်ပွဲလုပ်နေတာကို ရှုတ်ချပါတယ်"ဟု ဟိုပုံးဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပွဲတော်ကို ၂၀၂၁ခုနှစ် ဇွန်လ(၂၀)ရက်နေ့က စတင်၍ ဇွန်လ(၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး  ဘောလုံးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပထားရာ ဇွန်လ(၂၅)ရက်နေ့တွင် ဆုပေးပွဲ ကျင်းပမည်ဟု သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဇွန်လ(၂၂)ရက်နေ့က Covid-19 အတည်ပြုလူနာ အနည်းဆုံး (၈)ဦးအထိ တွေ့ရှိထားသလို ပြီးခဲ့သည့် ရက်များကလည်း ဟိုပုံမြို့တွင် Covid-19 အတည်ပြုလူနာ (၄)ဦးတွေ့ရှိခဲ့ကြောင်း  သိရသည်။

#TachileikNewsAgency

Photo: CJ