မျိုးသုဥ်းသွားပြီဖြစ်သည့် အမွေးရှည်ဆင်ကြီး၏ DNA သုံးပြီး ဖန်တီးထားသော ဧရာမ အသားလုံးကြီးကို နယ်သာလန်တွင် ထုတ်ဖော်ပြသ

မျိုးသုဥ်းသွားပြီဖြစ်သည့် အမွေးရှည်ဆင်ကြီး၏ DNA သုံးပြီး ဖန်တီးထားသော ဧရာမ အသားလုံးကြီးကို နယ်သာလန်တွင် ထုတ်ဖော်ပြသ
By Mr John

မျိုးသုဥ်းပျောက်ကွယ်သွားပြီဖြစ်သည့် ရှေးခေတ် ဧရာမ အမွေးရှည်ဆင်ကြီးတစ်ကောင်၏ DNA (မျိုးရိုးဗီဇ) ကို အသုံးပြုပြီး ဖန်တီးထားသော အသားမှ ပြုလုပ်ထားသည့် ကြီးမားသော အသားလုံးကြီးတစ်လုံးကို ၂၀၂၃ခုနှစ် မတ်လ (၂၈) ရက်နေ့က နယ်သာလန်နိုင်ငံရှိ Nemo သိပ္ပံပြတိုက်တွင် ထုတ်ဖော်ပြသလိုက်သည်။ 

ထိုအသားလုံးကြီးကို ဩစတြေးလျနိုင်ငံ အခြေစိုက် ဓာတ်ခွဲခန်းအသားထုတ်လုပ်ရေးကုမ္ပဏီ Vow က ဖန်တီးခဲ့ခြင်း ဖြစ်သည်။

Vow က ၎င်းဖန်တီးခဲ့သည့် အသားလုံးကြီးမှာ ဧပြီလ (၁) ရက်နေ့ ဧပြီဖူးလ် (April Fools) နောက်ပြောင်မှုတစ်ခု မဟုတ်ကြောင်း ကတိပေးလိုက်ပြီး လူအများ ဓာတ်ခွဲခန်းအသားအကြောင်း ပြောလာကြစေချင်သည်ဟု ဆိုသည်။ 

ဓာတ်ခွဲခန်းအသားမှာ အသားအစစ်အတွက် အစားထိုးစရာ ပိုမိုရေရှည်တည်တံ့ကြောင်း Vow က ညွှန်းဆိုခဲ့သည်။

 

"မိတ်ဆွေတို့ အခု ရရှိနိုင်တာ မှန်သမျှကနေ လုံးဝ ကွဲပြားတဲ့ တစ်စုံတရာကို ကျွန်တော်တို့ ဖန်တီးချင်ခဲ့ကြတယ်" ဟု Vow ကုမ္ပဏီ တည်ထောင်သူ Tim Noakesmith က Reuters သတင်းဌာနကို ပြောသည်။ 

ယခု အသားလုံးကြီး ဖန်တီးရာတွင် ဧရာမ အမွေးရှည်ဆင်ကြီး၏ DNA ကို အသုံးပြုရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ ထိုဆင်ကြီးများ မျိုးသုဥ်းပျောက်ကွယ်ခြင်းမှာ  ရာသီဥတုပြောင်းလဲမှုကြောင့်ဟု သိပ္ပံပညာရှင်များက ယူဆထားခြင်းကြောင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

 

ယခုအသားကို ဖန်တီးရာတွင် myoglobin ဟုခေါ်သည့် အမွေးရှည်ဆင်ကြီး မျိုးဗီဇတစ်ခု ထည့်သွင်းထားသော သိုး၏ ဆဲလ်များဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ 

"အသားဖြစ်လာတဲ့အခါ myoglobin က အနံ့၊ အရောင်အဆင်းနဲ့ အရသာကို ဖြစ်စေတယ်" ဟု Vow ကုမ္ပဏီ၏ သိပ္ပအရာရှိချုပ် James Ryall က ရှင်းပြသည်။ 

မိကျောင်းအသား၏ အနံ့ရှိသော ယခု အသားလုံးမှာ ဖန်တီးပြခြင်းသာဖြစ်ပြီး လက်ရှိတွင် စားသုံးရန်အတွက် မဟုတ်ကြောင်း Vow က ပြောသည်။ 

Vow က ဖန်တီးခဲ့သည့် အသားလုံး၏ ပရိုတိန်းဓာတ်မှာ အမှန်တကယ်အားဖြင့် နှစ်ပေါင်း (၄,၀၀၀) သက်တမ်းရှိပြီဖြစ်ကြောင်း ကုမ္ပဏီတည်ထောင်သူ Noakesmith က ဆိုသည်။

Source: Reuters

Photo: BILYONARYO, Reuters/Piroschka van de Wouw, AP,