ဦးပိုင် နှင့် ဝမ်ပေါင်တို့၏ အကျိုးတူ တူးဖော် ရောင်းစားနေသည့် လက်ပံတောင်းနှင့် ကြေးစင်တောင်မှ ကြေးနီသတ္တုများကို လန်ဒန်ဈေးကွက်က လက်မခံတော့

ဦးပိုင် နှင့် ဝမ်ပေါင်တို့၏ အကျိုးတူ တူးဖော် ရောင်းစားနေသည့် လက်ပံတောင်းနှင့် ကြေးစင်တောင်မှ ကြေးနီသတ္တုများကို လန်ဒန်ဈေးကွက်က လက်မခံတော့

အာဏာသိမ်းစစ်အုပ်စုပိုင် ဦးပိုင်ကုမ္ပဏီနှင့် ဝမ်ပေါင်ကုမ္ပဏီအပါအဝင် တရုတ်ကုမ္ပဏီတို့ အကျိုးတူ တူးဖော်ရောင်းစားနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပံတောင်းနှင့် ကြေးစင်တောင်မှ ကြေးနီသတ္တုများကို မေလ(၂၃)ရက်မှ စကာ လန်ဒန်စျေးကွက်က လက်မခံတော့ကြောင်း ယင်းကုမ္ပဏီများထံ စာပေးပို့ထားသည်ဟု သိရသည်။

 

The LONDON METAL EXCHANGE ကုမ္ပဏီမှ ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ထံအပြင် သိုလှောင်ရုံအားလုံးထံ ပစ္စည်း လက်မခံတော့ကြောင်း ပြီးခဲ့သည့်လ ဖေဖော်ဝါရီလ(၂၄)ရက်က စာပေးပို့ အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ လက်မခံ‌တော့ခြင်းမှာ ဥရောပသမဂ္ဂ၏ စီးပွါးရေးပိတ်ဆို့မှု မူဝါဒအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အကြောင်းကြားစာတွင်ပါရှိသည်။

၎င်းစီမံကိန်းကြီးနှစ်ခုကို ကြံ့ဖွံ့ပါတီအာဏာရခဲ့သည့် ဦးသိန်းစိန် လက်ထက်တွင် ယခုအာဏာသိမ်းစစ်အုပ်စု၏ စီးပွားရေးဖြစ်သော ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီများက လက်ရှိအချိန်ထိ တူးဖော် နေခြင်းဖြစ်သည်။

မုံရွာမြို့ရှိ လက်ပံတောင်းတောင် ကြေးနီသတ္တုမိုင်းကိုမူ တရုတ်လုပ်ငန်းစု ဝမ်ပေါင်ကုမ္ပဏီက တူးဖော်နေခြင်းဖြစ်ကာ ဦးသိန်းစိန်လက်ထက် ၂၀၁၃ ခုနှစ်က ပြင်ဆင်ချုပ်ဆိုခဲ့သည့် စာချုပ်များအရ နိုင်ငံတော်မှ ဝင်ငွေခွန်များအရ ၅၁ ရာခိုင်နှုန်းနှင့် ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့် အာဏာသိမ်းစစ်အုပ်စု၏ ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်းရရှိနေကြ ခြင်းဖြစ်သည်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက် ယင်းဒေသများတွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများ၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင် စီတပ်တို့၏ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေကာ ပြီးခဲ့သည့်လကလည်း လက်ပံတောင်းတောင်စီမံကိန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ကိုယ်တိုင်ထုတ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။