ထောင် (၂၂) နှစ်ကျနေသည့် ရုရှားအမျိုးသားတစ်ဦး ပြန်လွတ်မည့်နေ့တွင် ထောင်မှ ထွက်ပြေးသွား

ထောင် (၂၂) နှစ်ကျနေသည့် ရုရှားအမျိုးသားတစ်ဦး ပြန်လွတ်မည့်နေ့တွင် ထောင်မှ ထွက်ပြေးသွား
စက်တင်ဘာ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

 ကြီးလေးသော ရာဇဝတ်မှုများအတွက် ထောင်ဒဏ် နှစ်ရှည် ကျခံနေရသည့် ရုရှားအမျိုးသားတစ်ဦးက ထောင်မှ ပြန်လွတ်မည့်နေ့တွင် အချိန်ပိုင်းလေးအတွင်းကို မစောင့်နိုင်တော့ဘဲ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။ 

Kamoljon ဆိုသူသည်  ရုရှားနိုင်ငံ Irkutsk မြို့အနီး Markova ကျေးရွာရှိ IK-19 အကျဥ်းထောင်တွင် နှစ် (၂၀) ထောင်ဒဏ်ကျခံခဲ့ပြီးနောက် ခံဝန်ဖြင့် ပြန်လွတ်မြောက်ရန် နာရီအနည်းငယ်မျှအလိုတွင် ထောင်မှ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ အမျိုးသားမှာ လူသတ်မှု (၂) ခု၊ ခိုးမှုနှင့် လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ပိုင်ဆိုင်မှုတို့ဖြင့် ထောင်ဒဏ် (၂၂) နှစ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အသက် (၄၉) နှစ်အရွယ် Kamoljon က ထောင်မှ ပြန်လွတ်မည့်နေ့ကို သိရှိထားသော်လည်း စောင့်ဆိုင်းမနေတော့ဘဲ ထိုနေ့ နံနက် (၄) နာရီခန့်၌ ကိုယ်တိုင် ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ၎င်းအား ပြန်လည် ဖမ်းမိပါက  ထောင်မှ ထွက်ပြေးသွားမှူကြောင့်  နောက်ထပ် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံရနိုင်သည်။

ပထမအကြိမ်တွင် ရာဇဝတ်ဂိုဏ်းဖွဲ့မှုဖြင့် ထောင်ဒဏ် (၅) နှစ် ချမှတ်ခံခဲ့ရပြီးနောက်  ၁၉၉၇ ခုနှစ်တွင် ထောင်မှပြန်လွတ်လာခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် လူသတ်မှု (၂) ခု အပါအဝင် ရာဇဝတ်မှုများဖြင့် ထောင်ဒဏ် (၂၂) နှစ် ချမှတ်ခံခဲ့ရသည်။

နှစ် (၂၀) ကြာ ထောင်ဒဏ်ကျခံရပြီးနောက် အာဏာပိုင်များက Kamoljon ကို ပြစ်ဒဏ်ကာလမစေ့မီ ခံဝန်ဖြင့် ပြန်လွှတ်ပေးပြီး အလုပ်ကြမ်း လုပ်ရမည့်နေရာသို့ ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ 

သို့သော် Kamoljon က ၎င်းကို ပြန်လွှတ်ပေးမည့်နေ့တွင် ထောင်မှ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်၍ တရားခံပြေး Kamoljon ၏ သတင်းအချက်အလက်များကို ၎င်းနေထိုင်ခဲ့ရာ Zima မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၏ ဌာနများ အပါအဝင် နယ်မြေအနှံ့ ပေးပို့ထားကြောင်း သိရသည်။

#TachileikNewsAgency

Source: SHOT Telegram channel, Oddity Central