တရုတ်နိုင်ငံ ဘေဂျင်းမြို့၏ Covid-19 ကူးစက်မှု အခြေအနေကြောင့်  သန်းနှင့်ချီသည့် မြို့ခံများကို နေအိမ်ကနေသာ အလုပ်လုပ်ရန် ညွှန်ကြား

တရုတ်နိုင်ငံ ဘေဂျင်းမြို့၏ Covid-19 ကူးစက်မှု အခြေအနေကြောင့်  သန်းနှင့်ချီသည့် မြို့ခံများကို နေအိမ်ကနေသာ အလုပ်လုပ်ရန် ညွှန်ကြား
By Mr John

တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်တိုက်ဖျက်ရန် အာဏာပိုင်များက မြို့၏လူဦးရေ (၂၂) သန်းအနက် အများအပြားကို နေအိမ်ကနေ အလုပ်လုပ်ရန် လမ်းညွှန်ချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

(၂) လကြာ lockdown လုပ်ပြီးနောက် ခက်ခက်ခဲခဲ အောင်မြင်မှုရခဲ့သည့် တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင် ၎င်း၏ COVID လုံးဝကင်းစင်မှု 'zero COVID' အခြေအနေကို ထိန်းထားရန် နောက်ထပ် စစ်ဆေးမှုနှင့် ကြပ်မတ်ထိန်းချုပ်မှုများ ဆောင်ရွက်နေသည်။

မေလ (၂၃) ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်မြို့တော် ဘေဂျင်းမြို့တွင် ကူးစက်မှုအသစ် (၉၉) ခု တွေ့ရှိရပြီး မေလ (၂၂) ရက်နေ့က (၆၁) ခု တွေ့ရှိခဲ့ရာမှ မြင့်တက်လာခဲ့သည်။

 

ဘေဂျင်းတွင် နေ့စဥ် ကူးစက်မှုအသစ် ဒါဇင်နှင့်ချီ တွေ့ရှိနေရပြီး တစ်လကြာပြီဖြစ်သည့် ကူးစက်ဖြစ်ပွားမှုအတွင်း နေ့အလိုက် အများဆုံး ကူးစက်မှုများ တွေ့ရသည်ဟု သိရသည်။

ရှန်ဟိုင်းတွင် မေလ (၂၂) ရက်နေ့က ထုတ်ပြန်မှုအရ နေ့အလိုက် ကူးစက်မှု (၆၀၀) ထက်နည်းခဲ့ပြီး ကွာရန်တင်းသတ်မှတ်ထားသည့် နေရာများတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

Gavekal Dragonomics သုတေသနအဖွဲ့အစည်းမှ လေ့လာဆန်းစစ်သူများ၏ အဆိုအရ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်မြို့ကြီးများ၏ (၅) ရာခိုင်နှုန်းအောက်တွင် COVID-19 ကူးစက်မှုများ တွေ့ရှိခဲ့ရပြီး မတ်လကုန်ပိုင်းတွင်း မြို့ကြီးများ၏ လေးပုံတစ်ပုံတွင် ကူးစက်မှုတွေ့ခဲ့ရမှုကနေ လျော့ကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု လပိုင်းအတွင်း ရှန်ဟိုင်းနှင့် ဘေးဂျင်းကဲ့သို့ အဓိက မြို့ကြီးများတွင် COVID-19 ကူးစက်ဖြစ်ပွားမှုများကြောင့် ကမ္ဘာ့ဒုတိယမြောက် စီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်ခဲ့သည်။ လက်ရှိအချိန်အထိ ရှန်ဟိုင်းနှင့် ဘေဂျင်းတွင် အထူးစိုးရိမ်ဖွယ်ရာအဆင့်ဖြစ်နေဆဲဟု ဆိုသည်။

ဘေဂျင်းမြို့တွင် အဝင်အထွက်ပိတ်ထားသည့် ဧရိယာများ၌ ကူးစက်မှုအသစ် မတွေ့ရသော်လည်း မြို့၏ ခရိုင် (၁၆) ခုအနက် (၅) ခုရှိ သန်းနှင့်ချီသည့် မြို့ခံများကို နေအိမ်ကနေ အလုပ်လုပ်ရန်နှင့် လူစုဝေးမှုများ မလုပ်ကြရန် ညွှန်ကြားထားသည်။

လုပ်ငန်းခွင်သို့သွားရန် လိုအပ်သူများမှာ (၄၈) နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း PCR စစ်ဆေးမှုအဖြေရှိရမည်ဖြစ်ပြီး လုပ်ငန်းခွင့်သို့သွားရောက်သည့် လမ်းကြောင်းကို အပြောင်းအလဲမလုပ်ရကြောင်း သိရသည်။

"မြို့ရဲ့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးက အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေပါတယ်။ ရှေ့တစ်လှမ်းတိုးပြီးရင် အောင်ပွဲက မျက်စိအောက်မှာပါ။ နောက်တစ်လှမ်းဆုတ်ရင် ယခင် အားထုတ်ကြိုးပမ်းထားမှုတွေ အချည်းနှီးဖြစ်သွားပါလိမ့်မယ်" ဟု ဘေဂျင်းမြို့ Tongzhou ခရိုင်က ၎င်း၏ WeChat အကောင့်တွင် မေလ (၂၂) ရက် နှောင်ပိုင်းက ရေးသားထားခဲ့သည်။

ဘေဂျင်းတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို လျှော့ချထားပြီး ဈေးဝယ်စင်တာအချို့နှင့် အခြား စတိုးဆိုင်များနှင့် အခမ်းအနားကျင်းပရာ နေရာများကို ပိတ်ထားခဲ့သည်။ ထို့အပြင် COVID-19 ကူးစက်မှုအသစ်များ တွေ့ရှိရသည့် အဆောက်အအုံများကို အဝင်အထွက် ပိတ်ပင်ထားခဲ့ကြောင်း သိရသည်။

ထိုအတောအတွင်း တရုတ်နှင့်အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံတွင် ဧပြီလနှောင်ပိုင်းကတည်းက COVID-19 ရောဂါလက္ခဏာဖြင့် ဖျားနာနေသူ (၂.၈၁) သန်းရှိခဲ့ရာ မေလ (၂၂) ရက် ညနေပိုင်းအထိ စာရင်းများအရ (၂.၃၃) သန်းကျော်မှာ ပြန်လည်သက်သာပြီဟု အစိုးရသတင်းဌာနက KCNA က ပြောသည်။

မြောက်ကိုရီးယားတွင် ကပ်ရောဂါလက္ခဏာဖြင့် သေဆုံးသူအရေအတွက် (၆၈) ဦးရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားက နိုင်ငံအတွင်း COVID-19 ကူးစက်မှုတွေ့ရကြောင်း မေလ (၁၂) ရက်နေ့မှသာ ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား အာဏာပိုင်တွေက COVID-19 ကူးစက်မှု ထိန်းချုပ်တိုက်ဖျက်ရေးတွင် တရုတ်ထံမှ အကူအညီရယူပုံရပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့က ကာကွယ်ဆေးအပါအဝင် အကူအညီပေးရန် ကမ်းလှမ်းမှုများကို မတုံ့ပြန်ခဲ့ဟု ဆိုသည်။

Source & Photo: Reuters