ပြင်သစ်နိုင်ငံအတွင်း လေဆိပ်တစ်ခုတွင် သောင်တင်ပြီး (၁၈) နှစ်ကြာ နေထိုင်ခဲ့သည့် အီရန်အမျိုးသား ကွယ်လွန်

ပြင်သစ်နိုင်ငံအတွင်း လေဆိပ်တစ်ခုတွင် သောင်တင်ပြီး (၁၈) နှစ်ကြာ နေထိုင်ခဲ့သည့် အီရန်အမျိုးသား ကွယ်လွန်
နိုဝင်ဘာ 13, 2022 | နိုင်ငံတကာသတင်း
By Mr John

 ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လေဆိပ်တစ်ခုတွင် (၁၈) နှစ်ကြာ ခိုကပ်နေထိုင်ခဲ့သူ အီရန်အမျိုးသားတစ်ဦး ကွယ်လွန်သွားကြောင်း သိရသည်။ 

သံတမန်ရေးရာ မရေမရာ အခြေအနေ ကြုံခဲ့ရသည့် Mehran Karimi Nasseri အမည်ရှိ အီရန်အမျိုးသားက ၁၉၈၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပါရီမြို့ရှိ Soissy Charles de Gaulle လေဆိပ်၏ သေးငယ်သည့် နေရာလေးတစ်ခုကို ၎င်း၏ နေအိမ်လုပ်ကာ နေထိုင်ခဲ့သည်။

Nasseri က လေဆိပ်အတွင်း သောင်တင်နေထိုင်ခဲ့ရသည့် ၎င်း၏ အတွေ့အကြုံကို The Terminal Man အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် ၂၀၀၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ 

ထို့အပြင် ၎င်း၏ဇာတ်လမ်းကို အခြေခံပြီး ၂၀၀၄ ခုနှစ်က နာမည်ကြီးမင်းသား တွမ်ဟန့်ခ်စ် ပါဝင်သရုပ်ဆောင်ထားသည့် The Terminal ရုပ်ရှင်ဇာတ်ကား ထွက်ရှိခဲ့ပြီး ကမ္ဘာကျော်ခဲ့သည်။

Nasseri မှာ‌ နောက်ဆုံး၌ ပြင်သစ်နိုင်ငံတွင် နေထိုင်ခွင့်ရခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်က Roissy Charles de Gaulle လေဆိပ်သို့ ပြန်ရောက်လာခဲ့ပြီး ထို‌လေဆိပ်အတွင်း သဘာဝအတိုင်း ကွယ်လွန်သွားခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောသည်။ 

၁၉၄၅ ခုနှစ်က အီရန်နိုင်ငံ Khuzestan ပြည်နယ်တွင် မွေးဖွားခဲ့သည့် Nasseri က ၎င်း၏မိခင်ကို ရှာဖွေရန် ဥရောပသို့ ပထမဆုံးအကြိမ် ထွက်လာခဲ့သည်။

Nasseri က ဘယ်လ်ဂျီယံနိုင်ငံတွင် နှစ်အတန်ကြာ နေထိုင်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရွက်စာတမ်းမရှိမှုကြောင့် ဗြိတိန်၊ နယ်သာလန်နှင့် ဂျာမနီအပါအဝင် နိုင်ငံများမှ နှင်ထုတ်ခံခဲ့ရသည်။ 

ထို့နောက် Nasseri က ပြင်သစ်နိုင်ငံသို့ ထွက်ခွာလာခဲ့ပြီး ပါရီမြို့ရှိ Charles de Gaulle လေဆိပ်၏ 2F Ternimal နေရာကို ၎င်း၏နေအိမ်လုပ်ကာ နေထိုင်ခဲ့သည်။

၎င်းနေထိုင်ရာ လေဆိပ်အတွင်းရှိ ခုံတန်းနေရာတွင် Nassei စုဆောင်းထားသော ပစ္စည်းများတင်ထားသည့် တွန်းလှည်းများ ပတ်လည်ဝိုင်းနေသည်။ 

Nasseri က လေဆိပ်အတွင်း (၁၈) နှစ်ကြာ နေထိုင်ခဲ့စဥ် ၎င်း၏ဘဝအကြောင်း မှတ်စုစာအုပ်တစ်အုပ်တွင် ရေးသားခြင်းနှင့် စာအုပ်နှင့်သတင်းစာဖတ်ခြင်းတိုဖြင့် အချိန်ကုန်လွန်ခဲ့သည်။ 

အီရန်အမျိုးသား Nasseri ၏ ဇာတ်လမ်းကို နိုင်ငံတကာမီဒီယာများက စိတ်ဝင်တစား ဖော်ပြခဲ့ကြသည်။

ထို့နောက် နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ စတီဖင်စပီးလ်ဘတ်က Nasseri ဇာတ်လမ်းကို အခြေခံကာ The Terminal အမည်ဖြင့် ဟောလိဝုဒ်ရုပ်ရှပ်ဇာတ်ကား ရိုက်ကူးခဲ့ပြီး မင်းသားတွမ်ဟန့်ခ်စ်နှင့် မင်းသမီး ကက်သရင်းဇီတာဂျုံးစ်တို့ ပါဝင်သရုပ်ဆောင်ခဲ့သည်။ 

ထိုရုပ်ရှင်မှာ ကမ္ဘာကျော်ခဲ့သလို ရုပ်ရှင်ထွက်လာပြီးနောက် Nasseri နှင့် တွေ့ဆုံမေးမြန်းရန် သတင်းထောက်များ အပြေးအလွှားရောက်လာခဲ့ကြသည်ဟု ဆိုသည်။

Nasseri က တစ်နေ့လျှင် အင်တာဗျူး (၆) ခုအထိ ဖြေဆိုပေးခဲ့ကြောင်း ပြင်သစ်သတင်းစာ Le Parisien က ဖော်ပြသည်။ 

၁၉၉၉ ခုနှစ်တွင် ပြင်သစ်အစိုးရက Nasseri ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပြီး ပြင်သစ်တွင် နေထိုင်ခွင့်ပြုခဲ့သော်လည်း ၎င်းက လေဆိပ်အတွင်း၌ပင် ၂၀၀၆ ခုနှစ်အထိ ဆက်လက်နေထိုင်ခဲ့သည်။ 

၂၀၀၆ ခုနှစ်က နေမကောင်းဖြစ်ပြီး ၎င်းကို ဆေးရုံတင်ခဲ့ရချိန်မှသာ လေဆိပ်အတွင်းမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် Nasseri က ရုပ်ရှင်ဇာတ်ကားမှ ရရှိခဲ့သည့်ငွေဖြင့် အဆောင်တစ်ခုတွင် နေထိုင်ခဲ့ကြောင်း ပြင်သစ်သတင်းစာ Libération က ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်တွင်မူ Nasseri က Charles de Gaulle လေဆိပ်သို့ ပြန်လာခဲ့ပြီး ကွယ်လွန်ချိန်အထိ လေဆိပ်တွင် နေထိုင်သွားခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ကွယ်လွန်ချိန်တွင် ၎င်းထံ၌ ယူရိုငွေ ထောင်နှင့်ချီ တွေ့ရှိရကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

Source: BBC

Photo: AP, Victor Tonelli/Reuters