အမေရိကန်ဒေါ်လာ (၃၂,၀၀၀) ကျော်ဖြင့် ရောင်းချခဲ့သည့် ဂင်းနစ်စံချိန်တင် ကမ္ဘာ့ဈေးအကြီးဆုံး ဒိန်ခဲ

အမေရိကန်ဒေါ်လာ (၃၂,၀၀၀) ကျော်ဖြင့် ရောင်းချခဲ့သည့် ဂင်းနစ်စံချိန်တင် ကမ္ဘာ့ဈေးအကြီးဆုံး ဒိန်ခဲ
သြဂုတ် 30, 2023 | နိုင်ငံတကာသတင်း
By Mr John

စပိန်နိုင်ငံတွင် ပြုလုပ်သည့် ကာဘရာလက်စ် ဒိန်ခဲ (Cabrales blue cheese) ကို ပြည်တွင်း ဒိန်ခဲပွဲတော်တစ်ခု၌ အမေရိကန်ဒေါ်လာ (၃၂,၀၀၀) ကျော်ဖြင့် လေလံတင် ရောင်းချခဲ့ရပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဒိန်ခဲအဖြစ် စံချိန်သစ်တင်ခဲ့သည်။ 

အလေးချိန် (၄.၈) ပေါင်ရှိ အဆိုပါ ဒိန်ခဲတုံးကို စပိန်မြောက်ပိုင်း Asturias နယ်မြေ တောင်တန်းပေါ်ရှိ လှိုဏ်ဂူများတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်လာ (၃၂,၄၀၈) ဖြင့် လေလံတင် ရောင်းချခဲ့ရာ ဈေးအကြီးဆုံး ဒိန်ခဲအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် (Guinness World Record) တင်ခဲ့သည်။

ကမ္ဘာ့ဈေးအကြီးဆုံး ဒိန်ခဲမှာ Las Arenas ၏ (၅၁) ကြိမ်မြောက် ဒိန်ခဲပြိုင်ပွဲတွင် တစ်နှစ်တာ အကောင်းဆုံး ကာဘရာလက်စ် ဒိန်ခဲအဖြစ်လည်း ရွေးချယ်ခံခဲ့ရပြီး ထိုပြိုင်ပွဲတွင် ဒိန်ခဲလေလံပွဲကို နှစ်စဥ် ပြုလုပ်လေ့ရှိသည်။ 

"ဒိန်ခဲကောင်းကောင်းရှိတာ သိပေမဲ့လည်း အကောင်းဆုံးအဖြစ် အရွေးခံရဖို့က အရမ်းခက်တယ်"ဟု ဒိန်ခဲ ထုတ်လုပ်ခဲ့သူ Guillermo Pendás က စပိန်သတင်းဌာန EFE ကို ပြောကြောင်း ဩဂုတ်လ (၂၉) ရက်နေ့ NY Post သတင်းတွင် ဖော်ပြသည်။

ကမ္ဘာ့ဈေးအကြီးဆုံး ဒိန်ခဲကို Oviedo မြို့အနီးရှိ El Llagar de Colloto စားသောက်ဆိုင်၏ ပိုင်ရှင် Iván Suárez ကို ရောင်းချခဲ့ခြင်း ဖြစ်သည်။

 ၎င်းက ယခင် ဂင်းနစ်စံချိန်တင် ဈေးအကြီးဆုံး ကာဘရာလက်စ် ဒိန်ခဲကိုလည်း ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ (၂၂,၁၂၉) ဖြင့် ဝယ်ယူခဲ့သည်။ 

ယခု ဂင်းနစ်စံချိန်တင် ဈေးအကြီးဆုံး ဒိန်ခဲကို အမြင့်ပေ (၄,၅၉၃) ရှိ တောင်ပေါ်ဂူတစ်ခုထဲတွင် အပူချိန် (၇) ဒီဂရီဆဲလ်စီးယပ် (၄၄.၆ ဖာရင်ဟိုက်) ဖြင့် အနည်းဆုံး အချိန် (၈) လကြာ ထားရှိ၍ ထုတ်လုပ်ထားကြောင်း Pendás ၏ မိခင်ဖြစ်သူက ဆိုသည်။

Source: NY Post