အမေရိကန်က အသံထက် (၅)ဆ ပိုမြန်သည့် ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း ထုတ်ပြန်

အမေရိကန်က အသံထက် (၅)ဆ ပိုမြန်သည့် ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း ထုတ်ပြန်
By Mr John

 အမေရိကန်လေတပ်က သီတင်းပတ်ကုန်ရက်များအတွင်း အသံထက်မြန်သည့် ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း မေလ (၁၆) ရက်နေ့တွင် ပြောကြားသည်။

အမေရိကန်လေတပ်က စမ်းသပ်ခဲ့သည့် ဒုံးကျည်မှာ အသံထက် (၅)ဆ ပိုမြန်သည့်နှုန်းဖြင့် ပျံသန်းသွားခဲ့ကြောင်း သိရသည်။

စမ်းသပ်မှုကို မေလ (၁၄) ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ကမ်းလွန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး B-52 ဗုံးကြဲလေယာဥ်ကနေ ဝေဟင်မှ ပစ်လွှတ်သည့် Air-launched Rapid Response Weapon (ARRW) ကို ပစ်လွှတ်ခဲ့ကြောင်း အမေရိကန်လေတပ်က ထုတ်ပြန်ချက်တွင် ပြောထားသည်။



ARRW စမ်းသပ်မှုမှာ အောင်မြင်ခဲ့ပြီး အသံထက်မြန်သည့် အမြန်နှုန်းရရှိခဲ့ကြောင်း အမေရိကန်လေတပ်က ထုတ်ပြန်ခဲ့ပြီး စမ်းသပ်မှုနှင့် ပတ်သက်၍ ပျံသန်းသည့်အချိန် သို့မဟုတ် အမြင့်မည်မျှတွင်ဖြစ်ကြောင်း စသည့် နောက်ထပ် အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့ပေ။

"ဒါက လက်နက်လုပ်ငန်းနဲ့ ကျွန်တော်တို့ လေတပ်အတွက် ARRW အဖွဲ့ရဲ့ ကြီးမားတဲ့အောင်မြင်မှု ဖြစ်ခဲ့ပါတယ်"ဟု လေတပ်၏ လက်နက်အစီအစဥ်ဆိုင်ရာ အရာရှိ ဗိုလ်မှူးချုပ် Heath Collins က ပြောသည်။



၎င်းတို့၏ အမြန်နှုန်းနှင့် ရွေ့လျားမှုအရ ခြေရာခံရန်နှင့် ကြားဖြတ်ဟန့်တားရန် ခက်ခဲ‌သော အသံထက်မြန်သည့် လက်နက်များကို အမေရိကန် တစ်နိုင်ငံတည်းကသာ ထုတ်လုပ်နေခြင်းမဟုတ်ကြောင်း သိရသည်။

ရုရှားနိုင်ငံကလည်း အသံထက်မြန်သည့် ဒုံးကျည် ပိုင်ဆိုင်ထားပြီး ယူကရိန်းပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် တရုတ်ကလည်း အသံထက်မြန်သည့် လက်နက်များ စမ်းသပ်ခဲ့ကြောင်း အမေရိကန်စစ်တပ်အရာရှိတွေက ပြောခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အသံထက်မြန်သည့် လက်နက် စမ်းသပ်ခဲ့ခြင်းမရှိကြောင်း ယမန်နှစ် အောက်တိုဘာလအတွင်းက ငြင်းဆိုခဲ့သည်။



Source: Reuters, CNN