ရှမ်းတောင်မှ မလေးရှားသို့ မူးယစ်ဆေးပို့နေသည့် (၁၈)ဦးအဖွဲ့တွင် တာချီလိတ်မြို့၌ နေထိုင်သည့် ထိုင်းမူးယစ်/လူသတ်တရားခံပြေး အပါအဝင် (၃)ဦး ပါဝင် ပတ်သက်နေ

ရှမ်းတောင်မှ မလေးရှားသို့ မူးယစ်ဆေးပို့နေသည့် (၁၈)ဦးအဖွဲ့တွင် တာချီလိတ်မြို့၌ နေထိုင်သည့် ထိုင်းမူးယစ်/လူသတ်တရားခံပြေး အပါအဝင် (၃)ဦး ပါဝင် ပတ်သက်နေ

 တာချီလိတ်တွင် အခြေချနေထိုင်သည့် လူသတ်၊ မူးယစ်တရားခံပြေး ထိုင်းနိုင်ငံသား အပါအဝင် စုစုပေါင်း ၁၈ ဦး ပါဝင်သည့်အဖွဲ့ကို ငွေကျပ် (၆) ဒဿမ (၂) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ရှမ်းပြည်နယ်တောင်ပိုင်းမှ မလေးရှားသို့ တင်ပို့ရန်စီစဉ်နေစဉ် ဖမ်းဆီးရမိပြီး အချို့မှာ လွတ်မြောက်နေကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးတင်ပို့သည့်အဖွဲ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှ ထိုင်းနိုင်ငံသား လူသတ်မှုနှင့် မူးယစ်မှုတို့မှ  စိုင်းရှန်ဖ (ခ) ဘောန် (ခ) Piayapon Khammongkhon နှင့် ပါလျှံ(၁)မှ အောင်ကျော်ထွန်း(ခ) အိုက်ဆမ် အပြင် လွယ်စတုံမှ ကိုပေါက် (ခ) အောင်မြတ်ဝင်းတို့ ပါဝင်သည်ဟု သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အတွင်းသတင်းပေး  ၂၀၂၂ ခုနှစ် မေလ ၄ ရက်နေ့ ည  ၇ နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ သီရိရတနာဈေးဝင်းတွင် ယာဉ်မောင်း ၀င်းလှိုင်(ခ)ဦးချယ် နှင့် လှဘော်တို့ လိုက်ပါလာသည့် TOYOTA WISH မော်တော်ယာဉ်အား စစ်ဆေးရာ ဒေသကာလတန်ဖိုးငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၁ ကီလိုကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ အမှုနှင့်ဆက်စပ်၍ ထွက်ဆိုချက်များအရ မေလ ၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်မှ ထွန်းနိုင် နှင့် ၀င်းမြင့် တို့ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် ကျောင်းကုန်းမြို့အ၀င်တိုးဂိတ်၌ အားဂျီး(ခ)အားရှီး ကိုလည်းကောင်း၊ ညနေ  ၅ နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ လွယ်စတုံကျေးရွာမှ ကိုပေါက်(ခ)အောင်မြတ်ဝင်းအား လည်းကောင်း၊ ညနေ ၅ နာရီခွဲအချိန်တွင် ပုသိမ်မြို့နယ်၊ ချောင်းသာဟိုတယ်၌ ထိုင်းနိုင်ငံသား စိုင်းရှန်ဖ(ခ)ဘောန်(ခ) Mr. Piayapong Khammongkhon နှင့် စိုင်းနော်ခမ်း(ခ)အိုက်စိုင်းတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိသူများ၏ ထွက်ဆိုချက်အရ မေလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဒလမြို့နယ်၊ စက်မြေရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ပင်လယ်ပြင်သုံးငါးဖမ်းစက်လှေတစ်စီးနှင့်အတူ ရှိုင်းထက်အောင်(ခ)ဆံရှည်၊ အေးသောင်း၊ မျိုးနိုင်နှင့် သန်းစိုး တို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး  မေလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးများတာဝန်ခံသယ်ဆောင်မည့် စက်လှေပိုင်ရှင် ဉာဏ်ဝင်း အားလည်းကောင်း၊ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် တာချီလိတ်မြို့၊ ပါလျှံ(၁)ရပ်ကွက်တွင် အောင်ကျော်ထွန်း(ခ)အိုက်ဆမ်အားလည်းကောင်း ထပ်မံဖမ်းမိသည်ဟု သိရသည်။

အဆိုပါမူးယစ်မှုနှင့်ဆက်စပ်သည့် စိုင်းဂွမ်(ခ)စိုင်းဂွမ်း၊ စိုင်းအောင်ညွန့်၊ အားချန် နှင့် လူဖီးတို့ကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပြီး လက်ရှိလွတ်မြောက်နေသူ (၄)ဦးအပါအဝင် စုစုပေါင်း (၁၈)ဦး၏ ပိုင်ဆိုင်မှုများကို ဖေါ်ထုတ်အရေးယူရန် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် မူးယစ်ဆေးများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်ပြီး ထိုမှတဆင့် ရေကြောင်းလမ်းအသုံးပြုကာ မလေးရှားနိုင်ငံရေပိုင်နက်သို့ သယ်ဆောင်မည်ဖြစ်ကြောင်းသိရသဖြင့် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) နှင့် မလေးရှားနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့(NADA)တို့ဖြင့် ပူးပေါင်း၍ ကွင်းဆက်ဖေါ်ထုတ်သွားမည်ဟု မူးယစ်တပ်ဖွဲ့က ဆိုသည်။



ရှမ်းပြည်နယ်တောင်ပိုင်းမှ မူးယစ်ဆေးများကို ရန်ကုန်မှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် မလေးရှားသို့ တင်ပို့သည့်အဖွဲ့ကို ယခင်ကလည်း ဖမ်းဆီးရမိဖူးသည်ကို တွေ့ရသည်။