စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုးသူများကိုယ်တိုင် ပါဝင်နေသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ဥပဒေနှင့်မညီကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်က ကန့်ကွက်ထားသော်လည်း စုံစမ်းရေးအဖွဲ့က ဆက်လက်လုပ်ဆောင်မည်

စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုးသူများကိုယ်တိုင် ပါဝင်နေသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ဥပဒေနှင့်မညီကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်က ကန့်ကွက်ထားသော်လည်း စုံစမ်းရေးအဖွဲ့က ဆက်လက်လုပ်ဆောင်မည်
သြဂုတ် 25, 2020
By Tachileik News Agency
စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုးသူများကိုယ်တိုင် ပါဝင်နေသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ဥပဒေနှင့်မညီကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်က ကန့်ကွက်ထားသော်လည်း စုံစမ်းရေးအဖွဲ့က ဆက်လက်လုပ်ဆောင်မည်
ကယားပြည်နယ် ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုး တင်ပြသူများ ပါဝင်ဖွဲ့စည်းထားသည့် စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားခြင်းမှာ ဥပဒေနှင့်မညီ၍ ကန့်ကွက်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော် ဥက္ကဌထံ အကြောင်းကြားစာ ပို့ထားသော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆက်လုပ်မည်ဟု ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့တွင် ပြောသည်။
“ဝန်ကြီးချုပ်ကို စုံစမ်းမေးမြန်းဖို့အတွက် ဆင့်ခေါ်တဲ့အခါမှာ သူကိုယ်တိုင် မလာနိုင်ဘူး။ ကိုယ်စားအနေနဲ့ သူလွှတ်လိုက်တယ်ပေါ့နော်။ ဒါကလည်း တရားဝင်ပါတယ်။ ဥပဒေကလည်း အဲဒီလိုခွင့်ပြုထားပါတယ်။ သို့ပေမဲ့ သူထွက်ဆိုတဲ့ အခါမှာကျတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လူမစုံလို့ သူမထွက်ဆိုပေးနိုင်ဘူးဆိုပြီးတော့မှ အဲဒီလို ဝန်ကြီးချုပ် ကိုယ်စားလာတဲ့လူက လာပြောသွားပြီးတော့မှ ပြန်သွားတာပေါ့။ သူ အဲဒီလိုလာတဲ့အခါမှာလည်း ဝန်ကြီးချုပ်က တရားဝင်လွှဲစာလည်းပေးထားတယ်။ အဲဒီလို တရားဝင်လွှဲစာပေးထားတဲ့ လူတစ်ယောက်က ဒီနေရာမှာလာပြီးတော့မှ မထွက်ဆိုနိုင်ဘူး ဆိုပြီးမှ လာပြီးပြောတဲ့အခါကျတော့ ကျွန်တော်တို့ဖက်ကလည်း နည်းနည်း မေးခွန်းမေးစရာရှိတာပေါ့နော်။ ဒီလိုဖြစ်သွားတဲ့ကိစ္စကတော့ ကျွန်တော်တို့ဖက်မှာ ဘာပြဿနာမှ သိပ်မရှိပါဘူး။ ကျွန်တော်တို့ လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပဲ။”ဟု စွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းသူများတွင် ပါဝင်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးသဲရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ရန် ကယားပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၅)ဦးဖြစ်သည့် ဦးခင်မောင်ထွန်း၊ ဦးသဲရယ်၊ ဦးသိန်းအောင်၊ ဦးစိုးရယ်နှင့် ဦးအေးရွှေတို့က လက်မှတ်ရေးထိုး တင်ပြခဲ့သဖြင့် ပြည်နယ်လွှတ်တော် ဥက္ကဌက သြဂုတ်လ (၁၄)ရက်နေ့တွင် အဆိုပါကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးသူ (၃) ဦးပြန်လည်ပါဝင်ပြီး စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုးထားသူ ဦးသဲရယ်ကို အဖွဲ့ဥက္ကဌအဖြစ် တာဝန်ပေးထားခြင်းဖြစ်သည်။
စွပ်စွဲပြစ်တင်ရန် လက်မှတ်ထိုးထားသူ (၅)ဦးအနက်မှ ဦးစိုးရယ်က စွပ်စွဲပြစ်တင်စာ လက်မှတ်ရေးထိုးတင်ပြသည့်အဖွဲ့မှ နှုတ်ထွက်သွားခဲ့ပြီး သြဂုတ်လ (၂၅)ရက်နေ့က ဝန်ကြီးချုပ်အား မေးမြန်းမည့်အဖွဲ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်ဖြစ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ခိုင်စိုးမှာ အခြားနေရာတွင် တာဝန်ထမ်းဆောင်ရန်ရှိသည့်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ နှုတ်ထွက်သွားပြီဖြစ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ လူမစုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင် စုံစမ်းခံယူရန် လွှတ်တော်မှ ဆင့်ခေါ်ရာ  ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအံ့မော် လာရောက်ခဲ့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ လူမစုံ၍ ဖြေကြားခြင်းမပြုကြောင်း သိရသည်။
ယင်းကဲ့သို့ ဖြေကြားခြင်း မရှိသော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့်  စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို သြဂုတ်လ (၂၈) ရက်နေ့ နောက်ဆုံးထားကာ ပြည်နယ်လွှတ်တော်ဥက္ကဌထံ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုး တင်ပြချက်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းပေးထားသည့်အဖွဲ့တွင် ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးသဲရယ်က ဥက္ကဌ၊ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်မောင်ထွန်း (ခ)နော်အီးက အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအဖြစ် ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးရယ်၊ ဖားဆောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ဦးရန်နိုင်ဆွေနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အောင်ခိုင်စိုးတို့ပါဝင်ခြင်းဖြစ်သည်။
Tachileik News Agency
 သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~