ကနီမြို့နယ်အတွင်း စခန်းချနေသည့် အာဏာသိမ်းတပ်ကို မြန်မာ့တော်ဝင်နဂါးတပ်တော်နှင့် ပူးပေါင်းအဖွဲ့ ဝင်တိုက်

ကနီမြို့နယ်အတွင်း စခန်းချနေသည့် အာဏာသိမ်းတပ်ကို မြန်မာ့တော်ဝင်နဂါးတပ်တော်နှင့် ပူးပေါင်းအဖွဲ့ ဝင်တိုက်
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာမှ ၂၀၂၂ ခုနှစ်၊ မေလ(၁၅)ရက်နေ့ ညနေပိုင်းတွင် ထွက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို လမ်းတွင်စခန်းချနေစဉ် ဒေသကာကွယ်ရေးတပ်များ အနီးကပ်ဝင်ပစ်သဖြင့် စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူးအပါ (၁၅)ဦးဝန်းကျင်သေဆုံးသည်ဟု မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)က သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီတပ်သည် မင်းမကျေးရွာ၊ အနောက်ဘက်ရှိ လျှိုမြောင်ထဲ၌ စခန်းချနားနေစဥ် စစ်ကြောင်းမှူး နားခိုနေသော တဲအိမ်အပါအဝင် အနားယူနေသော စစ်ကောင်စီတပ်သားများကို အနီးကပ်ချောင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ယနေ့ နံနက်ပိုင်းတွင်လည်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနှင့် အိုင်းမကုန်းကျေးရွာတွင် ဇီးဖြူကုန်းပျူ‌စောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီနှင့် ပျုစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်မှ (၃)ဦး ဒဏ်ရာရ‌ရှိသွားကြောင်း သိရသည်။

ယနေ့တိုက်ပွဲတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) နှင့်အတူ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုအားလုံးမှ စစ်သည်တော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) မှ KUG ကိုယ်စားပြု G.Y.Z ၊ KLG ၊ CRA တော်လှန်ရေးတပ်ပေါင်းစုများနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။