ဆောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွား

ဆောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွား

မကွေးတိုင်း၊ ဆောမြို့နယ် ဒေသအခေါ် မြင်းကာတောင်၊ ကြိမ်ချောင်းလမ်းခွဲ၊ နဂါးမောက်ခြံတောင်ပေါ်တို့တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များက (၃)ရက်ကြာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့မှ (၁၇)ရက်နေ့ထိ စစ်ကောင်စီတပ် တပ်မ(၅၅၊ ၇၇၊ ၁၀၁)ပူးပေါင်းအင်အား (၁၃၀)ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၁၊၂) တပ်ရင်း၊ ဂန့်ဂေါခရိုင်အမှတ် (၃၊ ၅၊ ၈၊ ၁၃)နှင့် ပခုက္ကူခရိုင် အမှတ်(၅၊၁၉) တပ်ရင်းများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၁၅)ရက်နေ့နှင့် (၁၆)ရက်တို့တွင် ကြိမ်ချောင်းလမ်းခွဲ၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်က (၃)ဦးသေသည်ဟု သိရသည်။

"ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေးဝင်ချိန် ရန်သူ့အလောင်းများတွေ့ရှိခဲ့ပါတယ်။"ဟု People's Defence Force-Salin မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဇူလိုင်လ (၁၆)ရက်နေ့နှင့် (၁၇)ရက်နေ့တို့တွင် ဆောမြို့နယ်၊ အကြည်ကတင်းကျေးရွာအနီးရောက်ရှိလာသော စစ်ကောင်စီတပ်၏ တပ်မ(၅၅၊ ၇၇၊ ၁၀၁)ပူးပေါင်းအင်အား (၁၈၀)ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်အမှတ် (၃/၅)၊ မင်းဘူးခရိုင်အမှတ် (၁/၂/၅) တပ်ရင်းများက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၁၅)ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့သည်ဟု People's Defence Force-Salinက ယနေ့ ဇူလိုင်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

လက်ရှိတွင် ၎င်းစစ်ကောင်စီတပ်များသည် အထက်လဲ့မွန်အနီးဝန်းကျင်၌ စစ်ကြောင်းထိုးနေသည်ဟုလည်း သိရသည်။

#TachileikNewsAgency