ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ် ပစ်ခတ်‌သော လက်နက်ကြီးကြောင့် သားအမိ(၃)ဦးဒဏ်ရာရ

ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ် ပစ်ခတ်‌သော လက်နက်ကြီးကြောင့် သားအမိ(၃)ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ‌အရပ်သား(၃)ဦးဒဏ်ရာရပြီး နေအိမ်တချို့ ပျက်စီးသွားကြောင်း သိရသည်။



ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဇွန်လ(၃)ရက်နေ့က ရေတာရှည်မြို့နယ်၊ ကြာအင်းကုန်းကျေးရွာမှ ထွက်ခွာလာသော အင်အား(၇၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဆယ်တောကျေးရွာတွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်းသိရသည်။



တိုက်ပွဲဖြစ်ပွားချိန်တွင် ကျောင်းကုန်းကျေးရွာမြစ်ကူးတံတားရှိ စစ်တပ်ဂိတ်နှင့် ခလရ ၈၄(ဆွာ)တို့က (၃)မိုင်ခွဲအကွာရှိ ဆယ်တော်၊ ဒေါင့်အင်းကုန်း၊ ဂွေးသဲကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။



အထိနာသွား‌သော စစ်ကောင်စီတပ်သည် ညပိုင်းတွင် ခလရ-၈၄ (ဆွာ)မှ ‌(၁၂၀)မမ လက်နက်ကြီးဖြင့် (၃)ချက်ရမ်းသမ်းပစ်ခတ်ရာ (၂)ချက်မှာ ဂွေးသဲကျေးရွာအတွင်းရှိ နေအိမ် (၃)လုံးကို ထိမှန်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



နေအိမ်တစ်လုံးမှာ တိုက်ရိုက်ထိမှန်ခဲ့သောကြောင့် နေအိမ်အတွင်းရှိ အရပ်သား သားအမိ(၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။



အဆိုပါစစ်ကောင်စီတပ်ကို သံတောင်မြောက်ပိုင်း(အထူးဒေသ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၆) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။



#TachileikNewsAgency