အာဏာသိမ်းစစ်ကောင်စီ(ဗဟို)အဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်း၏ သားနှင့်သမီးကို စွန့်လွှတ်ကြောင်း သတင်းစာကနေ ကြေညာ

အာဏာသိမ်းစစ်ကောင်စီ(ဗဟို)အဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်း၏ သားနှင့်သမီးကို စွန့်လွှတ်ကြောင်း သတင်းစာကနေ ကြေညာ

 

အာဏာသိမ်းစစ်ကောင်စီ(ဗဟို)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မန်းငြိမ်းမောင်သည် ၎င်း၏ သားသမီး(၂)ဦးအား စွန့်လွှတ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာနေက ကြေညာထားသည်ကို တွေ့ရသည်။

သမီးဖြစ်သူ နော်အေးမူအား ၂၀၂၃ခုနှစ် ဧပြီလ(၉)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် လည်းကောင်း၊ သားဖြစ်သူ စောသန်းနိုင်ထွန်းအား ဧပြီလ(၁၀)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် လည်းကောင်း "သမီးအဖြစ်မှ စွန့်လွှတ်ခြင်း""သားအဖြစ်မှ စွန့်လွှတ်ခြင်း"အဖြစ် ကြေညာထားသည်ကို တွေ့ရခြင်း ဖြစ်သည်။

သတင်းစာထဲတွင်"မိဘ၏ ဆိုဆုံးမမှုကို နာမခံဘဲ စိတ်ဆင်းရဲအောင် အကြိမ်ကြိမ် ပြုလုပ်သဖြင့် ယနေ့မှစ၍ သားအဖြစ်၊ သမီးအဖြစ်မှ စွန့်လွှတ်ပြီး ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စအဝဝကို လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း"ထည့်သွင်းကြေညာထားခြင်းဖြစ်ပြီး စုံစမ်းမေးမြန်းခြင်း သည်းခံပါရန်လည်း အပိုဆောင်း ထည့်သွင်းအသိပေးထားသည်ကိုလည်း တွေ့ရသည်။

 အသက်(၈၁)နှစ်အရွယ် မန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဗဟိုကော်မတီဝင်၊ မဟာမိတ်ဆက်ဆံရေးဌာနတာဝန်ခံအဖြစ်ကနေ ၂၀၂၀ခုနှစ်  ဇူလိုင်လအတွင်းက နုတ်ထွက်ပြီး ထိုမှတဆင့်  ၂၀၂၀ ရွေးကောက်ပွဲတွင် ပန်းတနော်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်သူ့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  ၎င်းအား ထောက်ခံသူနည်း၍ မဲရှုံးခဲ့ရပြီးနောက် စစ်တပ်က အာဏာသိမ်းသည့်အချိန်တွင် စစ်ကောင်စီ၏ ဗဟိုအဖွဲ့ဝင်အဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ 

မန်းငြိမ်းမောင်အား ဥပရောပသမဂ္ဂအပါအဝင် အမေရိကန် နှင့် ဩစတြေးလျအစိုးရတို့က ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းများတွင် ထည့်သွင်းထားသေးသည်။