တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့တွင် ဗုံးခွဲသည့်အဖွဲ့ကဟုဆိုကာ လူတစ်စုက ဖုန်းဆက်ပြီး ခြိမ်းခြောက် ငွေညှစ်တောင်းခံ

တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့တွင် ဗုံးခွဲသည့်အဖွဲ့ကဟုဆိုကာ လူတစ်စုက ဖုန်းဆက်ပြီး ခြိမ်းခြောက် ငွေညှစ်တောင်းခံ
မေ 15, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် ဗုံးကွဲမှုများ ဖြစ်ပေါ်ပြီးနောက် လုပ်ငန်းရှင်များကို ဗုံးအခွဲမခံချင်ပါက ငွေပေးရမည်ဟုဆိုကာ လိမ်လည်ဖုန်းဆက် ငွေကြေးတောင်းခံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

"တာချီလိတ်မှာ ဟိုးတခါ အောင်မြတ်ခန်းမ ဗုံးကွဲပြီးနောက် ဖုန်းဆက်ပြီး ခြိမ်းခြောက် ငွေတောင်းတဲ့ ဖြစ်စဉ်တွေလိုမျိုး အခု ပြန်ဖြစ်နေတယ်။ အဆွေတော်ကို ဗုံးခွဲတာလည်း သူတို့ခွဲတာပဲ ဆိုပြီး ဖုန်းဆက်ပြီးတော့  Viber ကနေ ဗုံးနဲ့သေနတ်ပုံတွေပြတယ်။ ငွေမပေးရင် ဗုံးသွားထောင်လိုက်မယ်လို့ ပြောတယ်။ Viber မှာတော့ Profile ပုံကတော့ သူများပုံ ယူသုံးထားတာထင်တယ် ပုံတွေ ခဏခဏ ပြောင်းတယ်။ ဖုန်းဆက်ပြောတဲ့ အသံကတော့ ဟိုတခါ ငွေလိမ်တောင်းတဲ့ အဖွဲ့လိုပဲ အဲ့ဒီအဖွဲ့က အသံနဲ့လည်း တူတယ်"ဟု တာချီလိတ်ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

တာချီလိတ်မြို့  အောင်မြတ်ခန်းမရှေ့ရှိ အဆွေတော် မီနီမတ်တွင် ၂၀၂၂ခုနှစ် မေလ(၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က အသံကျယ်လောင်ပြီး ထိအားပြင်းသည့် ဗုံး(၂)လုံး  ပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၂၂ခုနှစ် မေလ(၁၁)ရက်နေ့ ညနေ(၅)နာရီကျော်က အသံဗုံးပေါက်မှု ဖြစ်ပွားခဲ့ပြီးနောက် ငွေညှစ်တောင်းခံမှုများ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ယခုလို ပေါ်ပေါက်လာမှုသည် ရိုးသားမှု မရှိနိုင်ဟု ဒေသခံများက သုံးသပ်ထားကြသည်။

"ကျိုင်းတုံက မြို့တော်ခန်းမ ပေါက်တုန်းကလည်း၊ ပေါက်ပြီး နောက်တစ်ရက်မှာပဲ ဒီကောင်တွေ ကျိုင်းတုံက သူဌေးတော်တော်များများကို ဖုန်းတွေ Viberတွေကနေ သေနတ် နဲ့ ဗုံး ဗီဒီယိုတွေ ပို့လာတယ်။ ကျွန်တော် သိသလောက်တော့ စားသောက်ဆိုင်ကြီးတွေ (၂)ဆိုင် (၃)ဆိုင်လောက်ရှိမယ်။ အခုလို လုပ်တာမှာ ဒီကောင်တွေ စစ်တပ်နဲ့ရဲ ဌာနဆိုင်ရာ အသိုင်းအဝိုင်းက မပါရင် ဘယ်လိုမှ လုပ်လို့မရဘူး။ ဘာလို့လဲ ဆိုတော့ သူဌေးတွေရဲ့ ဖုန်းနံပါတ်က တော်ရုံလူတွေနားမှာမှ မရှိကြတာ။ သူတို့နားပဲရှိတာ။ အဲ့တော့ အခုလို လိုက်လုပ်နေတာဟာ ဒီကောင်တွေရဲ့ လှည့်ကွက်ပါမယ်လို့ ထင်တာပဲ။ တာချီလိတ်က အဆွေတော် သူဌေး ဦးတင်လှိုင်က ဗုံးခွဲတဲ့အဖွဲ့ကို ငွေမပေးလို့ ခွဲခံရတာလို့ ထင်ပြီး ဒီက သူဌေးတချို့ကလည်း ပေးမလိုလို လုပ်နေတာတွေလည်း ကြားတယ်။ ကျွန်တော်ထင်တာကတော့ သူတို့အတွက်ကတော့ ဘယ်လိုဖြစ်ဖြစ် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ ပိုက်ဆံရရင်ရ မရရင်လည်း ဗုံးခွဲသူက ထွက်လာပြီး ရှင်းရင်လည်း လမ်းစရတယ်ဆိုတဲ့ အထှာနဲ့ သူတို့အတွက်က ဂွင်ပဲ"ဟု ကျိုင်းတုံဒေသခံ တစ်ဦးက ပြောသည်။

ယခုနောက်ပိုင်းတွင် တာချီလိတ် နှင့် ကျိုင်းတုံမြို့ရှိ လုပ်ငန်းရှင်အချို့ကို ဖုန်းဆက်ငွေညှစ်မှုများ ပြုလုပ်မှုကြောင့် အချို့မှာ ၎င်းတို့တောင်းသည့် ငွေပမာဏမဟုတ်ဘဲ ကျပ်ငွေအချို့ကို Wave Money ကနေ တဆင့် လွှဲပေးလိုက်သည်များလည်းရှိကြောင်း သိရသည်။

"တချို့လူတွေက ကြောက်လန့်ပြီး ကျပ်ငွေ အနည်းငယ် လွှဲပေးလိုက်တယ်လို့ ပြောတယ်။ စစ်အာဏာရှင်နဲ့ဒေါက်တိုင်တွေကို တော်လှန်နေတဲ့ အဖွဲ့တွေက ငွေညှစ်တာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ဒါဟာ သက်သက်လုပ်စားတာလို့ မြင်တယ်။ တကယ်ဆို ပေးစရာကိုမလိုတာ။"ဟု ဒေသခံ တစ်ဦးက ပြောသည်။



 တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့ နံနက် (၁၁)နာရီ(၄၇)မိနစ်အချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမ၏ အနောက်ပေါက်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူတစ်စုက ၎င်းတို့သည် ဗုံးခွဲသူများဖြစ်ကြောင်း လုပ်ငန်းများတွင် ဗုံးပေါက်ကွဲမှုများ မဖြစ်လိုပါက Wave Money ကနေ ငွေလွှဲပေးရန် ဖုန်းဆက် လိမ်လည် ငွေညှစ်တောင်းခံမှုများရှိခဲ့ပြီး အလားတူ အဆိုပါ အဖွဲ့ကဟု ယူဆရသည့် အဖွဲ့က ဖုန်း 094 0287 2209 ဖြင့် ဖုန်းဆက်သလို Viber ကနေ လည်း ဆက်သွယ်ပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု သိရသည်။

ယခုလို လိမ်လည်သည့် ဖုန်းများကို နံပါတ်သိရှိရပြီးနောက် ဆက်သွယ်ရေးဌာနဖြင့် ချိတ်ဆက်ကာ သက်ဆိုင်ရာများအနေဖြင့် ဖော်ထုတ်၍ ရသော်နိုင်လည်း ဖော်ထုတ်ခြင်းမရှိဟု သိရသည်။