တောင်ကြီးမြို့တွင် သတင်းရယူစဉ် ဖမ်းဆီးခံထားရသည့် ပိုလန်သတင်းသမားအတွက် ဂျာမနီသံရုံး သတင်းထုတ်ပြန်

တောင်ကြီးမြို့တွင် သတင်းရယူစဉ် ဖမ်းဆီးခံထားရသည့် ပိုလန်သတင်းသမားအတွက် ဂျာမနီသံရုံး သတင်းထုတ်ပြန်

တောင်ကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်သူများကို ဖြိုခွင်းမှုအား သတင်းမှတ်တမ်းရယူစဉ် ဖမ်းဆီးခံထားရသည့် ပိုလန်သတင်းသမားအတွက် ဂျာမနီသံရုံး သတင်းထုတ်ပြန်

**************



ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖေါ်သူများအား အကြမ်းဖက်ဖြိုခွင်းမှုကို သတင်းမှတ်တမ်းရယူနေသည့် ပိုလန်နိုင်ငံသားတစ်ဦးကို အကြမ်းဖက်ဖမ်းဆီးထိန်းသိမ်းထားမှုနှင့်ပတ်သက်၍ ဂျာမနီသံရုံးက ၂၀၂၁ ခုနှစ် မတ်လ (၁၃) ရက်နေ့က ထုတ်ပြန်လာသည်။



"ဂျာမနီသံရုံးအနေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ပိုလန်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်ကို သိရှိရပါသည်။ ဂျာမနီသံရုံးအနေဖြင့် အဆိုပါ ပိုလန်နိုင်ငံသား၏ ကောင်စစ်ဆိုင်ရာကိစ္စရပ်များအား ကိုယ်စားပြုလျက်ရှိပြီး ဘန်ကောက်မြို့ရှိ ပိုလန်သံရုံးနှင့်လည်း မပြတ် ညှိနှိုင်းဆောင်ရွက်နေပါသည်။ ပိုလန်သံရုံးကိုယ်စား ဂျာမနီသံရုံးသည် မြန်မာအာဏာပိုင်များထံသို့ ဆက်သွယ်ပြီး ထိန်းသိမ်းခံထားရသော ပိုလန်နိုင်ငံသား တည်ရှိရာနေရာအား အသိပေးရန်၊ ကောင်စစ်ဆိုင်ရာကိစ္စများ ဆောင်ရွက်ခွင့်ပေးရန်၊ ဖမ်းဆီးထားရသည့်အကြောင်းအရင်းနှင့် စွဲဆိုချက်များအား စာထုတ်ပြန်ရန် အကြောင်းကြားထားပြီး ဖြစ်ပါသည်။ အဆိုပါပိုလန်နိုင်ငံသားသည် အခြားဖမ်းဆီးခံရသူများနည်းတူ ဥပဒေရေးရာကိုယ်စားပြုမှု လိုအပ်သကဲ့သို့ နိုင်ငံခြားသားဖြစ်သောကြောင့် ကောင်စစ်ဆိုင်ရာအကာအကွယ်ရရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် သံရုံးအနေဖြင့် မြန်မာအာဏာပိုင်များဘက်မှ ဗီယင်နာကွန်ဗင်းရှင်းပါ ကောင်စစ်ဆက်ဆံရေးအား လိုက်နာပြီး အကြောင်းပြန်စာကို လျင်မြန်စွာ ပြန်ကြားပေးပို့ရန်နှင့် ဖမ်းဆီးခံ ပိုလန်နိုင်ငံသားအား တရားမျှတပြီး လူသားဆန်စွာဆက်ဆံရန် လိုလားပါသည်။"ဟု သံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။



အလွတ်တန်းသတင်းသမား ပိုလန်နိုင်ငံသား Robert Bociaga သည် မတ်လ (၁၁) ရက်နေ့က တောင်ကြီးတွင် ဆန္ဒထုတ်ဖေါ်သည့်ပြည်သူများအား အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲတို့က အကြမ်းဖက်ဖြိုခွင်းမှုကို သတင်းမှတ်တမ်းရယူနေစဉ် ရိုက်နှက်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။



အဆိုပါ ပိုလန်နိုင်ငံသား Robert Bociaga မှာ မြန်မာစစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အတွင်း ထိန်းသိမ်းခံရသည့် သတင်းသမား (၃၉)ဦးအနက် (၃၉)ဦီးမြောက် ထိန်းသိမ်းခံရသူဖြစ်ပြီး ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့ကလည်း ရန်ကုန်တွင် ဂျပန်သတင်းထောက်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။



မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားသည့် ရက်ပေါင်း (၄၀)အတွင်း နိုင်ငံခြားသား သတင်းသမား (၂) ဦးအပါအဝင် သတင်းသမားစုစုပေါင်း (၃၇)ဦီးကို ထိန်းသိမ်းခဲ့သည့်အနက် (၂၂)ဦးပြန်လွတ်လာပြီး ထိန်းသိမ်းခံရဆဲ (၁၅)ဦးရှိနေသည့်အပြင်  တရားစွဲဆိုခံရသည့် သတင်းမီဒီယာ (၁) ခုနှင့် ထုတ်ဝေခွင့်ရုပ်သိမ်းခံရသည့် သတင်းမီဒီယာ (၅)ခုရှိနေသည့်အပြင် တရားစွဲဆိုမှုမှ တိမ်းရှောင်နေရသည့် သတင်းသမားများလည်းရှိနေခြင်းဖြစ်သည်။

Tachileik News Agency