ထိုင်ဝမ်ကမ်းလွန်တွင် အင်အား (၆.၃) ရှိ ငလျင် လှုပ်ခတ်၊ တိုင်ပေမြို့တော်ရှိ အဆောက်အအုံများ လှုပ်ရမ်းသွားခဲ့

ထိုင်ဝမ်ကမ်းလွန်တွင် အင်အား (၆.၃) ရှိ ငလျင် လှုပ်ခတ်၊ တိုင်ပေမြို့တော်ရှိ အဆောက်အအုံများ လှုပ်ရမ်းသွားခဲ့
By Mr John

ထိုင်ဝမ်ကမ်းလွန်တွင် အင်အား (၆.၃) ရှိ ငလျင်တစ်ခု မေလ (၉) ရက် မွန်းလွဲပိုင်းက လှုပ်ခတ်သွားခဲ့ကြောင်း US Geological Survey (USGS) က ဖော်ပြထားပြီး တိုင်ပေမြို့တော်ရှိ အဆောက်အအုံများ လှုပ်ရမ်းသွားခဲ့ကြောင်း သိရသည်။

ကမ်းလွန်ငလျင်မှာ ဒေသစံတော်ချိန် မွန်းလွဲ ၂း၃၀ မတိုင်မီက ထိုင်ဝမ်နှင့် မ‌ဝေးကွာလှသည့် ဂျပန်နိုင်ငံ၏ Yonakun ကျွန်း အနောက်မြောက်ဘက် (၄၃) မိုင်အကွာ ပင်လယ်ကြမ်းပြင်အောက် (၁၆) မိုင်အနက်တွင် ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း USGS က ဖော်ပြသည်။



ထိုင်ဝမ်မိုးလေဝသဌာန၏ မှတ်တမ်းများအရ ငလျင်သည် ယခုနှစ်အတွင်း အင်အား (၆.၀) အထက်ရှိသည့် ပဥ္စမမြောက် ငလျင်ဖြစ်ကြောင်း သိရသည်။

ထိခိုက်ပျက်စီးမှု သတင်းများ မကြားသိရသေးသော်လည်း ငလျင်လှုပ်မှုကို ထိုင်ဝမ်းကျွန်းအနှံ့ ခံစားသိရှိခဲ့သည်ဟု ဆိုသည်။

"အားလုံး ဘေးကင်းမယ်လို့ မျှော်လင့်ပါတယ် .... နောက်ဆက်တွဲငလျင်အချို့ ထပ်လှုပ်နိုင်ပါသေးတယ်။ ကျေးဇူးပြုပြီး သတိထားကြပါ" ဟု တိုင်ပေမြို့တော်သစ် မြို့တော်ဝန် Hou You-yi က Facebook တွင် ပြောထားသည်။



ဂျပန်မိုးလေဝသဌာနက ငလျင်ကို အင်အား (၆.၆) ဟု ခန့်မှန်းခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် မတည်မငြိမ်ဖြစ်နိုင်ကြောင်း၊ သို့သော် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ထိုင်ဝမ်နှင့် အနီးပတ်ဝန်းကျင် ဧရိယာမှာ ကမ္ဘာ့ကျောက်ဖျာချပ်နှစ်ခု ဆုံရာနေရာတွင် တည်ရှိနေရာ ငလျင်လှုပ်မှုများ ပုံမှန်ကြုံရလေ့ရှိသည်။

၂၀၁၆ ခုနှစ်က ထိုင်ဝမ်တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ (၁၀၀) ကျော် သေဆုံးခဲ့သည်။

ထို့အပြင် ၁၉၉၉ ခုနှစ်က ထိုင်ဝမ်တွင် အင်အား (၇.၃) ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ လူ (၂,၀၀၀) ကျော် သေဆုံးခဲ့သည်။



ယခုနှစ် မတ်လအတွင်းကလည်း ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်း ကမ်းလွန်တွင် အင်အား (၆.၇) ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ လှုပ်ရမ်းခဲ့ပြီး ဒေသခံများ အိပ်ပျော်နေရာမှ လန့်နိုးခဲ့ကြသည်။

ထိုငလျင်ကြောင့် လူတစ်ဦး ဒဏ်ရာရခဲ့ပြီး ထိုင်ဝမ်အရှေ့ပိုင်းတွင် ဆောက်လတ်စ တံတာတစ်စင်း ပြိုကျခဲ့သည်။ အင်အား (၆.၀) အထက်ရှိ ငလျင်များမှာ လှုပ်ခတ်သည့်နေရာနှင့် မြေအောက်အနက် မည်မျှတွင် လှုပ်ခတ်မှုတို့အပေါ် များစွာမူတည်သော်လည်း သေဆုံးဒဏ်ရာရမှု ဖြစ်စေနိုင်ကြောင်း သိရသည်။



Source: CNA, Reuters