ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က PDF အယောင်ဆောင်ကာ ရွာထဲဝင်ပြီး ဒေသခံ(၃)ဦးကိုဖမ်းဆီးကာ တစ်ဦးကို ပစ်သတ်သွား

ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က PDF အယောင်ဆောင်ကာ ရွာထဲဝင်ပြီး ဒေသခံ(၃)ဦးကိုဖမ်းဆီးကာ တစ်ဦးကို ပစ်သတ်သွား

 စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် တပ်စွဲထားသည့် ပျုစောထီးများနှင့် စစ်ကောင်စီတပ်သားများသည် PDF အယောင်ဆောင်၍ စစ်ကြောင်းထိုးကာ ဒေသခံ (၃)ဦးအား ဖမ်းဆီးပြီး တစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် ၂၀၂၃ခုနှစ်၊ မေလ (၁၂)ရက်နေ့၏  နံနက်ပိုင်းက PDF ဝတ်စုံများ ဝတ်ဆင်၍ ဘန့်ဘွေးရွာမှ ညောင်ငုတ်တိုရွာဘက်သို့ တစ်ကြောင်း၊ ကန်စုရွာဘက်သို့ တစ်ကြောင်း၊ ဘန့်ဘွေးရွာ၏ အနောက်တောင်အရပ်သို့ တစ်ကြောင်း၊ ညောင်ငုတ်တိုဘက်သို့ တစ်ကြောင်း အုပ်စုများခွဲကာ စစ်ကြောင်းထိုးလာပြီး ညောင်ငုတ်တိုရွာမှ ဒေသခံ (၃)ဦးအား ဖမ်းဆီးကာ (၁)ဦးကို ပစ်သတ်သွားသည်ဟု သိရသည်။

"ဖမ်းဆီးခံရသူနဲ့ သတ်ဖြတ်ခံရသူက ယင်းမာပင်မြို့နယ်၊ ညောင်ငုတ်တိုရွာကပါ။ စစ်ကြောင်း (၃)ကြောင်းက တပ်ဆုတ်သွားပြီ အခု ညောင်ငုတ်တိုက စစ်ကြောင်းက မထွက်သေးဘူး"ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

၎င်းစစ်ကောင်စီစစ်‌ကြောင်းသည် မေလ (၁၀)ရက်နေ့က တရုတ်နှင့် ဦးပိုင်ကုမ္ပဏီပိုင် ဝမ်ပေါင်ကုမ္မဏီ၏ ကြေးနီတင်တွဲကား (၁၄) စီးကို လုံခြုံရေးယူပေးသွားသည့် စစ်ကြောင်းဖြစ်ကာ ၎င်းစစ်ကြောင်းများကြောင့် ကျေးရွာ ( ၅ )ရွာနှင့်အထက် စစ်ဘေးရှောင်နေကြရသည်ဟု ဆိုသည်။

"သူတို့ အချင်းချင်း PDF တွေ ထင်ပြီး ပစ်ခတ်ကြတယ်။ နှစ်ဖက် ပစ်ခတ်နေချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အငိုက်ဝင်စီးပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူများပါတယ်။"ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။ 

ထို့နောက် စစ်ကောင်စီတပ်သည် မုံရွာ နမခမှ နေ့လည်ပိုင်းတွင် သံချပ်ကာကား (၃)စီးဖြင့် ရောက်လာကာ ဘန့်ဘွေးရွာသို့ ပြန်လည်ဆုတ်ခွါသွားသည်ဟု သိရသည်။