ရိုဟင်ဂျာ (၂၀၀) ကျော်ပါသည့် စက်လှေ (၂) စီး အင်ဒိုနီးရှားသို့ရောက်ရှိ၊ ပင်လယ်ပြင်တွင် အနည်းဆုံး (၂၀) ဦး သေဆုံးခဲ့

ရိုဟင်ဂျာ (၂၀၀) ကျော်ပါသည့် စက်လှေ (၂) စီး အင်ဒိုနီးရှားသို့ရောက်ရှိ၊ ပင်လယ်ပြင်တွင် အနည်းဆုံး (၂၀) ဦး သေဆုံးခဲ့
ဒီဇင်ဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

ရိုဟင်ဂျာမွတ်စလင်မ် ရာနှင့်ချီ လိုက်ပါလာသည့် စက်လှေတစ်စီး အင်ဒိုနီးရှားနိုင်ငံသို့ ကမ်းကပ်ရောက်ရှိခဲ့ကြောင်းနှင့် ပင်လယ်ပြင်အတွင်းရှိနေခဲ့စဥ် အနည်းဆုံး ရိုဟင်ဂျာ (၂၀) ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာလ (၂၇) ရက်တွင် ပြောသည်။ 

အခြား ရိုဟင်ဂျာများမှာ အိန္ဒိယသမုဒ္ဒရာအတွင်း စက်လှေဖြင့် မျောပါနေသည်ဟု ယူဆရကြောင်း Rueters သတင်းက ဖော်ပြသည်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုတန်းသို့ ဒီဇင်ဘာလ (၂၆) ရက်က ရောက်ရှိလာသည့် စက်လှေတွင် ရိုဟင်ဂျာ (၁၇၄) ဦး ပါရှိလာခဲ့ပြီး ၎င်းတို့အနက် အများစုမှာ ပင်လယ်ထဲတွင် သီတင်းပတ်များစွာ မျောပါနေခဲ့ပြီးနောက် ရေဓာတ်ခမ်းခြောက်မှုနှင့် ပင်ပန်းနွမ်းလျကာ အားပြတ်နေခဲ့မှုတို့ကြောင့် အရေးပေါ် ဆေးကုသမှု လိုအပ်ခဲ့ကြောင်း ဒေသခံ အရေးပေါ်ဌာနက အရာရှိများက ပြောသည်။ 

ယခုစက်လှေမှာ ပျောက်ဆုံးနေကြောင်း အစောပိုင်းက သတင်းထွက်ပေါ်နေခဲ့ပြီး နစ်မြုပ်သွားပြီဟု စိုးရိမ်မှုရှိခဲ့ကြသည့် စက်လှေဖြစ်ကြောင်း ရိုဟင်ဂျာအရေး ဆောင်ရွက်နေသည့် Arkan Project မှ Chris Lewa က ဆိုသည်။

UNHCR က ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ပြောကြားမှုအရ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ၂၀၂၂ ခုနှစ်မှာ ရိုဟင်ဂျာများ ပင်လယ်ပြင်၌ သေဆုံးမှုအများဆုံး နှစ်တစ်နှစ်ဖြစ်နိုင်သည်ဟု ဆိုသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ရမှုအခြေအနေ ဆိုးရွားနေရာ ထိုစခန်းများမှ ထွက်ပြေးနေကြသည့် ရိုဟင်ဂျာအရေအတွက် တိုးလာနေကြောင်းလည်း သိရသည်။

ဒီဇင်ဘာလ (၂၅) ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်သို့ ရိုဟင်ဂျာအမျိုးသား (၅၇) ဦး လိုက်ပါလာသည့် စက်လှေတစ်စီး ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက် (၁၃) ဦးမှာ အသက် (၁၈) နှစ်အောက်အရွယ်များဖြစ်ကြောင်း International Organization for Migration (IOM) က ပြောသည်။

 ဒီဇင်ဘာလ (၂၆) ရက်နေ့က အာချေးပြည်နယ်သို့ ရောက်ရှိလာသည့် ဒုတိယစက်လှေတွင်မူ အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာများ အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာ (၁) သန်းနီးပါး ခိုလှုံနေထိုင်လျက်ရှိသည်။ 

လူ့အခွင့်အရေးအုပ်စုများ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်တွင် ဒုက္ခသည်စခန်းများမှ ထွက်ပြေးသည့် ရိုဟင်ဂျာအရေအတွက် (၅၀၀) ခန့်ရှိခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်တွင်မူ ခန့်မှန်းခြေအားဖြင့် (၂,၄၀၀) ရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့ကလည်း အိန္ဒိယသမုဒ္ဒရာအတွင်း စက်လှေတစ်စီးဖြင့် မျောပါနေသည့် ရိုဟင်ဂျာမွတ်စလင်မ် (၁၀၄) ဦးကို သီရိလင်္ကာနိုင်ငံ ရေတပ်က ကယ်ဆယ်ခဲ့ကြောင်း သီရိလင်္ကာ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် နေထိုင်ရမှုအခြေအနေ ဆိုးရွားလာမှုနှင့် ယမန်နှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ရိုဟင်ဂျာများ ပင်လယ်ပြင်ကို အသက်စွန့်ဖြတ်သန်းမှု သိသာစွာ မြင့်တက်လာခဲ့သည်။

Source: Reuters, Berna News