ကျောက်မဲမြို့တွင် အိမ်ရောင်းချပြီး နောက်တစ်နေ့အကူးမှာပင် ဓါးပြတိုက်ခံရသည့်မိသားစုမှ ဓါးစာခံဖမ်းဆီးခေါ်ဆောင်ခံရသည့် အိမ်ရှင်အမျိုးသား ပြန်မလွတ်လာသေး

ကျောက်မဲမြို့တွင် အိမ်ရောင်းချပြီး နောက်တစ်နေ့အကူးမှာပင် ဓါးပြတိုက်ခံရသည့်မိသားစုမှ ဓါးစာခံဖမ်းဆီးခေါ်ဆောင်ခံရသည့် အိမ်ရှင်အမျိုးသား ပြန်မလွတ်လာသေး
By Tachileik News Agency

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင်  ၂၀၂၂ ခုနှစ်၊ ဧပြီလ ( ၃၀ ) ရက်နေ့ နံနက်အစောပိုင်းက အိမ်ရောင်းရငွေများအား ဓါးပြတိုက်သည့်အဖွဲ့က ဓါးစာခံအဖြစ်ဖမ်းခေါ်သွားသည့် အိမ်ရှင်အမျိုးသားမှာ ယနေ့အထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း ၎င်း၏မိသားစုထံမှ သိရသည်။

အဆိုပါမိသားစုက ဧပြီလ (၂၉)ရက်နေ့တွင် ငွေကျပ်သိန်း (၃၀၀)ဖြင့် နေအိမ်ခြံဝန်းတစ်ခု ရောင်းချထားပြီး နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ဓါးပြတိုက်ခံရကာ အိမ်ရှင်အမျိုးသားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြခြင်းဖြစ်သည်။

"ဖေဖေ အခုချိန်ထိ ပြန်လည်းမလာသေးဘူး။ ပြန်လည်း မလွတ်လာသေးပါဘူး"ဟု ဓါးပြတိုက်ခံရသည့်နေအိမ်မှ မိသားစုဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျောက်မဲမြို့ အမှတ်( ၉ ) ရပ်ကွက် တိလင်ရပ် နယ်မြေ (၆)တွင် မိသားစု (၄) ဦးနေထိုင်သည့် အိမ်ကို မျက်နှာဖုံးစွပ်ထားသူများရောက်လာပြီး အိမ်ရောင်းထားသည့် ငွေကျပ်သိန်း (၃၀၀)အား ဓါးပြတိုက်ယူသွားသည့်အပြင် မိသားစုဝင်များ၏ လက်ကိုင်ဖုန်း (၅)လုံးကိုပါ ယူဆောင်သွားကြောင်း သိရသည်။