ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ တပ်နှင့်ရဲ့ လူနှင့်ယာဉ်များကို တားဆီးရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေ၊ အချို့နေရာများတွင် ပစ်ခတ်သံကြားနေရ

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ တပ်နှင့်ရဲ့ လူနှင့်ယာဉ်များကို တားဆီးရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေ၊ အချို့နေရာများတွင် ပစ်ခတ်သံကြားနေရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့တို့က ၂၀၂၁ ခုနှစ် မေလ (၂၁) ရက်နေ့  (၉) နာရီဝန်းကျင်မှစ၍ မြို့တွင်းလမ်းများ၌ လူနှင့်မော်တော်ယာဉ်များအား တားဆီးရှာဖွေမှုများ ပြုလုပ်နေပြီး ည (၁၀) နာရီကျော်တွင် ပစ်ခတ်သံကြားနေရကြောင်း သိရသည်။

ပင်လုံလမ်းမကြီး တစ်လျှောက်ရှိ လမ်းဆုံလေးခွနေရာများနှင့် ရထားသံလမ်းကူးနေရာများ အပါအဝင် နေရာအတော်များများ၌ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေပြီး ဖြတ်သန်းသွားလာသူများကို တားမြစ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် မြို့တွင်း၌လည်း စစ်ကားများဖြင့် လှည့်ပတ်နေပြီး ည (၁၀) နာရီဝန်းကျင်အထိ မြို့တော်ခန်းမအနီး၊ (၆) ကွက် သံလမ်းကူးနေရာအနီး၊ (၂) ရပ်ကွက် ရေဦးကျောင်းအနီးနှင့် လမ်းဆုံလမ်းခွနေရာများ၌လည်း စောင့်ဆိုင်းစစ်ဆေးမှုများ လုပ်နေသည်ဟု သိရသည်။

ကျောက်မဲမြို့တွင်  ညစဉ်ညတိုင်း အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက မြို့တွင်းလှည့်ပတ်ရှာဖွေမှုများ လုပ်နေခြင်းဖြစ်သည်။