အာဏာသိမ်းစစ်တပ်ကို သတင်းပေးသည့် ဖယ်ခုံမြို့  လွယ်ပေါကျေးရွာမှ လင်မယား သေနတ်ဒဏ်ရာဖြင့် သေဆုံး

အာဏာသိမ်းစစ်တပ်ကို သတင်းပေးသည့် ဖယ်ခုံမြို့  လွယ်ပေါကျေးရွာမှ လင်မယား သေနတ်ဒဏ်ရာဖြင့် သေဆုံး

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ် အရှေ့ဖက်ကမ်း လွယ်ပေါကျေးရွာမှ စစ်တပ်သတင်းပေးဟု နာမည်ကြီးနေသည့်  လင်မယားနှစ်ဦးကို ၂၀၂၁ ခုနှစ်၊ မေလ (၁၇) ရက်နေ့ည (၈) နာရီကျော်တွင် လက်နက်ကိုင်တစ်စုက နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်သွားကြောင်းသိရသည်။ 

" မနက်က လွယ်ပေါက အမျိုးတွေဆီ ဖုန်းဆက်မေးတယ်။ သေချာတယ်ပေါ့။ ဒလံလုပ်နေတဲ့ လင်မယား ပစ်သတ်ခံရတယ်။ လာပစ်သွားတဲ့သူတွေက ဘယ်အဖွဲ့ ဘယ်သူဆိုတာ ဘယ်သူမှ မသိကြဘူး။ နှစ်ယောက်လုံးတော့ သူတို့ အိမ်မှာပဲ ပွဲချင်းပြီး သေသွားတယ်ပေါ့ ။ စစ်တပ်ကတော့ လွယ်ပေါကို ဒီမနက်မှာ သွားတာတွေ့တယ်"ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၈)ရက်နေ့ညနေပိုင်းတွင် အတည်ပြုပြောသည်။

လွယ်​ပေါကျေးရွာမှာ ဖယ်ခုံမြို့ဘီလူးချောင်း အရှေ့ဖက်ခြမ်းတွင်ရှိသည့်ကျေးရွာ ဖြစ်ပြီး  မေလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က လှေဖြင့်အဆိုပါရွာကို ရောက်လာကြောင်း သိရသည်။