ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို စကားတစ်လုံးကြောင့် အကြမ်းဖက်ဥပဒေဖြင့် စွဲချက်တင်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်း   Photo: Twitter/@anadoluagency
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်း Photo: Twitter/@anadoluagency
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို စကားတစ်လုံးကြောင့် အကြမ်းဖက်ဥပဒေဖြင့် စွဲချက်တင်
သြဂုတ် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်းကို အစိုးရအရာရှိများအား  ခြိမ်းခြောက်ခြင်းသည်ဟု ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ရဲတပ်ဖွဲ့က စွဲချက်တင်လိုက်ကြောင်း သိရသည်။

 ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးဌာနက ၎င်း၏ အနီးကပ်လက်ထောက်တစ်ဦးကို ဖမ်းဆီးပြီး ညှဥ်းပန်းနှိပ်စက်ကြောင်း ဝန်ကြီးချုပ်ဟောင်းခန်းက စွပ်စွဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု ရှိလာခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူများက ဩဂုတ်လ (၂၂) ရက်နေ့တွင် ၎င်း၏ နေအိမ်အပြင်ဘက်၌ စုရုံးရောက်ရှိနေခဲ့ပြီး ၎င်းကိုဖမ်းဆီးပါက အစ္စလာမ်မာဘတ်မြို့ကို သိမ်းပိုက်မည်ဟု ပြောဆိုနေကြသည်။ 

ခန်းကို အစိုးရက ရုပ်မြင်သံကြားမှ တိုက်ရိုက်တင်ဆက်မှုများတွင် ပါဝင်ပြောကြားမှုကိုလည်း ပိတ်ပင်ထားရာ ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေးတင်းမာမှုများ မြင့်တက်နေသည်။

ဝန်ကြီးချုပ်ဟောင်းခန်းမှာ ဧပြီလအတွင်း ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း လက်ရှိအစိုးရနှင့် စစ်တပ်ကို လူသိရှင်ကြား ဝေဖန်ပြောဆိုနေခဲ့သည်။ 

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၎င်း၏လက်ထောက်ကို အာဏာပိုင်များက ညှဥ်းပန်းနှိပ်စက်ကြောင်း စွပ်စွဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ခရစ်ကတ်ကစားသမားအဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသူ ခန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ (၂၀) ရက်နေ့က လူထုကိုပြောကြားသည့် မိန့်ခွန်းတစ်ခုအတွင်း ဝန်ကြီးချုပ်ဟောင်းခန်းက အစ္စလာမ်မာဘတ် ရဲတပ်ဖွဲ့အကြီးအကဲနှင့် အမျိုသမီးတရားသူကြီးတို့ကို ၎င်း၏လက်ထောက်ဖြစ်သူ Shahbaz Gill ကို ဖမ်းဆီး ထိန်းသိမ်းခြင်းနှင့် နှိပ်စက်ခြင်းအတွက် ရှုတ်ချပြောဆိုခဲ့သည်။ 

"ကျုပ်တို့ ခင်ဗျားတို့ကို အရေးယူမှာဖြစ်လို့ ခင်ဗျားတို့ အသင့်ပြင်ထားသင့်တယ်" ဟု ဝန်ကြီးချုပ်ဟောင်းခန်းက ရဲတပ်ဖွဲ့အကြီးအကဲနှင့် တရားသူကြီးတို့ကို ရည်ညွှန်းပြောဆိုခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်းခန်းက အစိုးရအရာရှိများကို ခြိမ်းခြောက်ခြင်းဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်ကြောင်း အစိုးရတာဝန်ရှိသူများက စွပ်စွဲထားသည်။ 

ဝန်ကြီးချုပ်ဟောင်းကို စွဲချက်တင်လိုက်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ၎င်းကိုထောက်ခံသူ ရာနှင့်ချီပြီး အစ္စလာမ်မာဘတ်မြို့ရှိ ၎င်း၏နေအိမ်အပြင်ဘက်တွင် စုရုံးခဲ့ကြသည်။ 

ရဲတပ်ဖွဲ့က ခန်းကို ဖမ်းဆီးရန်ကြိုးပမ်းပါက အစ္စလာမ်မာဘတ်ကို သိမ်းပိုက်မည်ဟု ၎င်းတို့က ကြွေးကြော်ထားကြသည်။

ထိုနေရာတွင် ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ကမူ ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးရန် ရောက်ရှိနေခြင်းမဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ပြောခဲ့သည်။ 

ယခုကိစ္စမှာ အယုံအကြည်မရှိအဆိုဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရသည့် ခန်းနှင့် ပါကစ္စတန်အစိုးရကြား တင်းမာမှုကို ပိုမိုမြင့်တက်လာစေမည်ဟု ဆိုသည်။ 

ခန်းက ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း အစိုးရနှင့်စစ်တပ်ကို ဆက်တိုက် ဝေဖန်ပြောဆိုနေခဲ့ပြီး ရွေးကောက်ပွဲအသစ်ပြန်လုပ်ရန် တောင်းဆိုနေခဲ့ကြောင်း သိရသည်။

Source: BBC