စစ်ပွဲကိုတားဆီးရန် ပျက်ကွက်ခဲ့သည့် လုံခြုံရေးကောင်စီကို ကုလသမဂ္ဂ အကြီးအကဲကိုယ်တိုင် ဝေဖန်

စစ်ပွဲကိုတားဆီးရန် ပျက်ကွက်ခဲ့သည့် လုံခြုံရေးကောင်စီကို ကုလသမဂ္ဂ အကြီးအကဲကိုယ်တိုင် ဝေဖန်
By Mr John

ယူကရိန်းနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကိုယ်တိုင် ဝေဖန်လိုက်ပြီး စစ်ပွဲကို တားဆီးရန် သို့မဟုတ် အဆုံးသတ်ရန် ပျက်ကွက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

"သိပ်ရှင်းရှင်းပြောရရင်တော့ လုံခြုံရေးကောင်စီက သူ့လုပ်ပိုင်ခွင့်ထဲကနေ ဒီစစ်ပွဲကို တားဆီးဖို့နဲ့ အဆုံးသတ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဒါက အလွန်စိတ်ပျက်စရာ ဒေါသထွက်စရာဖြစ်ခဲ့တယ်" ဟု ဂူတာရတ်စ်က ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးနှင့် ဧပြီ (၂၈) ရက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။



ကမ္ဘာတဝန်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သေချာစေရန် အဖွဲ့ဝင် (၁၅) နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အထူးတာဝန်ယူဆောင်ရွက်ရသော်လည်း  ဖေဖေါ်ဝါရီလအတွင်း ရုရှားကျူးကျော်မှု စတင်ခဲ့စဥ်ကတည်းက အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့မှုအတွက် လုံခြုံရေးကောင်စီသည် ယူကရိန်းအစိုးရထံမှ အပါအဝင် ဝေဖန်မှုများကို ရင်ဆိုင်နေခဲ့ရသည်။



ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံ(၅)ခုအနက် တစ်နိုင်ငံဖြစ်သည့် ရုရှားက ယခုပဋိပက္ခနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခုမကကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ကြောင်း သိရသည်။

ယူကရိန်းတွင် ကုလသမဂ္ဂဝန်ထမ်း (၁,၄၀၀) ရှိနေပြီး အကူအညီ၊ စားနပ်ရိက္ခာ၊ ငွေကြေးနှင့် အခြား ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်နေကြကြောင်း ဂူတာရတ်စ်က BBC သတင်းဌာနကို ပြောခဲ့သည်။



ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရတ်စ်က ၎င်း၏ ယူကရိန်းခရီးစဥ်အတွင်း Borodyanka နယ်မြေရှိ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းနေရာများနှင့် ကိဗ်နယ်မြေကို သွားရောက်ကြည့်ရှုခဲ့သည်။

ဂူတာရတ်စ် ရောက်ရှိနေစဥ်အတွင်း ယူကရိန်းမြို့တော် ကိဗ်မြို့ကို ရုရှားက တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

ယူကရိန်းသမ္မတဇီလန်းစကီးက ယခုတိုက်ခိုက်မှု ရှုတ်ချလိုက်ပြီး ရုရှားက ကုလသမဂ္ဂနှင့် ၎င်းကိုယ်စားပြုသည့် အရာအားလုံးကို အရှက်ခွဲလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။



Source: BBC